News

ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး( ၆/၂၀၂၀) ကျင်းပပြီးစီးခြင်း
 
ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၆/၂၀၂၀) ကို ယနေ့ ( ၁၆.၁၂.၂၀၂၀ ) ရက်နေ့၊ နံနက် (၁၀ : ၀၀ ) နာရီအချိန်၌ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကော်မတီဥက္ကဌအဖြစ် ဦးဆောင်၍ ( Videoconferencing ) စနစ်ဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေး အစီအစဉ်အရ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်းလွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ၊ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံဦးအောင်ဖြိုးမှ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အခြေခံကာ ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ သတင်းအချက်အလက်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ Covid-19 Tourism Relief Plan အပေါ် ဆောင်ရွက်ထားမှုအခြေအနေများ၊ Covid-19 ကုစားရေးအစီအစဉ်များ၊ Myanmar Tourism Strategic Recovery Roadmap ( 2021-2025) ရေးဆွဲထုတ်ပြန်မှု နှင့်အတူ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၀-၂၀၂၅)အား ပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းများ၊ Tourism National Guideline for Covid-19 Safe Service ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ Covid-19 Guideline for Community Visits ရေးဆွဲထုတ်ပြန်ထားရှိမှုများ၊ Enchanting Myanmar Health and Safety Protocol အစီအစဉ်နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ချင်းပြည်နယ် မင်းတပ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) အတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မင်းတပ်ခရိုင်တာဝန်ခံဦးဟုန်းလိန်းမှ ကျင်းပပြီးစီးခဲ့သောချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၅/၂၀၂၀)အစည်းအဝေးဆုံးဖြတ်ချက်များမှ မင်းတပ်ခရိုင် DMO အနေဖြင့် ဆောင်ရွက်ပြီးစီးမှုများ၊ မင်းတပ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များနှင့် မင်းတပ်ခရိုင်အတွင်းရှိ ဦးစားပေး ခရီးစဉ်လမ်းကြောင်းအခြေအနေများကို တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ၊ ဆောင်ရွက်လိုသည့် လုပ်ငန်းများ နှင့် လိုအပ်သည့် ဘဏ္ဍာငွေရရှိရေး ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဒုတိယဥက္ကဌ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့မှ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးအား မွန်းလွဲ ( ၁၂: ၃၀ )နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်၊၊
ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ မှ ခေါ်နူးစုမ်တောင် ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်
(၂.၁၂.၂၀၂၀) ရက်နေ့ ၊ နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ နတ်မတောင်အမျိုးသားဉယျာဉ်တဝှိက်နှင့် ခေါ်နူးစုမ်တောင်ပေါ်တွင် ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ကန်ပက်လက်သတင်းအချက်အလက်ဖြန့်ဖြူးရေးရုံးမှ ဝန်ထမ်းများ၊ နတ်မတောင် အမျိုးသားဉယျာဉ် ဝန်ထမ်းများ၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့များ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ ကန်ပက်လက်လူငယ်အဖွဲ့များမှ အမှိုက်များကောက်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခေါနူးစုမ်တောင် သန့်ရှင်းသာယာလှပရေး တို့အတွက် ရည်ရွယ်ကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (၁/၂၀၂၀)အစည်းအဝေး ကျင်းပခြင်း
(၁.၁၂.၂၀၂၀)ရက်နေ့တွင် ဟားခါးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(၁/၂၀၂၀)အစည်းအဝေးအား ချင်းပြည်နယ် ဟားခါမြို့ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အထူးဖိတ်ကြားထားသည့် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယ ဉက္ကဌ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် အတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံတို့နှင့်အတူ ဟားခါးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဉက္ကဌ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးစိုးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ ဉက္ကဌ ဦးအောင်ကိုဦးမှ အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ အတွင်းရေးမှူး ဦးပိုင်ဖြိုးကျော်မှ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဉပဒေ (၂၀၁၈)၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ COVID-19 အလွန် ချင်းပြည်နယ်ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော ဆောင်ရွက်သင့်သည့် အချက်များကို အကြံပြု ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့မိမြို့ဖကိုယ်စားလှယ်နှင့် တက်ရောက်လာသူများမှ ဟားခါးခရိုင်အတွင်း COVID-19 အလွန် ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်ရေး၊ ခရိုင်အတွင်း ခရီးသွားနေရာအသစ်များ ရှာဖွေ ဖော်ထုတ်နိုင်ရေးကိစ္စရပ်များနှင့် ဟားခါးခရိုင်ရှိ ခရီးသွားနေရာများ၏ သတင်းအချက်အလက်များကို ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဖြန့်ဖြူးပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးစိုးထက် မှ ဇိန်မှုတောင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ ထန်တလန်မြို့နယ် အကြားတွင် တည်ရှိသော ဇိန်မှုတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၈၄၀၀) ကျော် မြင့်ကာ သဘာဝသစ်ပင်ပန်းမန်များ၊ သစ်ခွများ၊ တိရစ္ဆာန်များ ပေါကြွယ်ဝသည့် ပြည်နယ်အတွင်း တတိယ အမြင့်ဆုံးတောင်ဖြစ်ပါသည်။ ထို့ပြင် သီးမြစ် ၊ တီအိုချောင်းမှတဆင့် မဏိပူရမြစ်နှင့် နောက်ဆုံးကုလားတန်မြစ်အဖြစ် ပေါထွန်းစေဖို့အတွက် မြစ်ဖျားခံသည့် ဒေသခံတို့၏ အမြတ်တနိုးတန်ဖိုးထားရာ လိုင်သီလီ ( Lai Ti Li ) သဘာဝရေကန် တည်ရှိသော ဒေသဖြစ်ပါသည်။ အဆိုပါသဘာဝအခြေခံကောင်းများ ပိုင်ဆိုင်ထားသော ဇိန်မှုတောင်ဒေသအား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ဦးဆောင်ကာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုး နှင့်အဖွဲ့သည် ( ၂၈.၁၁.၂၀၂၀) ရက်နေ့တွင် ခြေလျင်တောင်တက်ခရီးဖြင့် တက်ရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခြင်း ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အားကောင်းလာစေရေး၊ ခရီးသွားဧည့်သည်များအား ပိုမိုလာရောက်နိုင်ရေးအတွက် အစီအမံ ကောင်းများ ချမှတ်နိုင်ရေးနှင့် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းနိုင်ရေး စသည်တို့ဖြင့် ဇိန်မှုတောင်အား သဘာဝအပန်းဖြေနေရာတစ်ခုအဖြစ် စနစ်တကျ ပေါ်ထွန်းလာရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် တောင်ပေါ်သို့ လာရောက်အပန်းဖြေကြသော ဒေသခံများနှင့်အတူ စုပေါင်း အမှိုက်ကောက်ခြင်းဖြင့် ဇိန်မှုတောင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ပါသည်။
မင်းတပ်ခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝး(၂/၂၀၂၀)ကျင်းပပြီးစီးခြင်း
(၁၆.၁၀.၂၀၂၀)ရက်နေ့တွင် မင်းတပ်ခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၀)အစည်းအဝးအား မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင် (၁၇)ဦးနှင့် အထူးဖိတ်ကြားထားသည့် အရပ်ဖက်အဖွဲ့အစည်း(၄)ဦး ပေါင်း (၂၁)ဦးတက်ရောက်ခဲ့ပြီး ခရီးစဉ်နေရာ ဒေသအသစ်များဖော်ထုတ်ရန်ကိစ္စများ၊ မင်းတပ်မြို့တွင်Information Centreထားရှိရေးကိစ္စ၊ CBTဖော်ဆောင်မည့် ကျေးရွာများကိစ္စ၊အပန်းဖြေနားနေစခန်းနှင့် View Point များ ထားရှိရေးကိစ္စ၊ ကန်ပက်လက်မြို့ရှိ နှစ်(၁၀၀)ဘိုတဲအဆောက်အဉီအား နတ်မတောင် အမျိုးသားဉယျာဉ်အုပ်ချုပ်ရေးမှူးရုံးမှ ဟိုတယ်/ခရီးဌာနသို့ လွှဲပြောင်းရန်ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအား အသိပညာပေးရေးကိစ္စရပ်များဆွေးနွေးခဲ့ပါသည်။

ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ကျင်းပပြီးစီးခြင်း


ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ကို Videoconferencing စနစ်ဖြင့် (၂၈.၉.၂၀၂၀)ရက်နေ့တွင် ကျင်းပခဲ့ရာ ကော်မတီ ကော်မတီ၏ ဒုတိယ ဥက္ကဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ၏ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ COVID ကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ရှင်သန်ရပ်တည်နိုင်ရေး၊ COVID အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အထက်ဆင့် ကော်မတီများ၏ မူဝါဒနှင့်လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ Chin Tourism Digital Marketing ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဆိုင်ရာ website အား ပိုမိုကောင်းမွန်ပြည့်စုံသော သတင်းအချက်အလက်များပေးနိုင်ရေး၊ HGLMS စနစ်အား တစ်ပြည်နယ်လုံး အသုံးပြုနိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ မြေရာအခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းနိုင်ရန် ဆွေးနွေးခြင်း၊ ဟိုတယ်တည်ဆောက်ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ကြုံတွေ့ရသော လုပ်ငန်းရှင်များ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ခရီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (၁/၂၀၂၁)အစည်းအဝေး ကျင်းပခြင်း

 

(၁၅.၁.၂၀၂၁) ရက်နေ့တွင် ဟားခါးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ( ၁/၂၀၂၁ ) အစည်းအဝေးအား ချင်းပြည်နယ် ဟားခါမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ၍ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ဟားခါးခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ ၊ ဥက္ကဌ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုင်ဖြိုးကျော်မှ ဟားခါးခရိုင်အတွင်းရှိ အထင်ကရ ခရီးသွားနေရာများ၌ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူသွားနိုင်ရေး၊ ခရီးသွား နေရာအသစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဟားခါးခရိုင် DMO အဖွဲ့ဝင်များ နှင့် ဟားခါး/ထန်တလန်မြို့နယ် DMO အဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်နိုင်ရေး၊ ဟားခါးခရိုင် DMO အနေနဲ့ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်း၌ ဘတ်ဂျက် ထည့်သွင်း လျာထားနိုင်ရေးကိစ္စများ၊ ခရိုင်အတွင်း ဒေသန္တရ စီမံကိန်းများ ရေးဆွဲနိုင်ရေးအတွက် ခရိုင် စီမံကိန်းဦးစီးရုံးမှ ကိုယ်စားလှယ်(၁)ဦး ထည့်သွင်း ဖွဲ့စည်းနိင်ရေးကိစ္စ နှင့် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။