Travel Chin State

Official Tourism Information

ချင်းပြည်နယ် ဖလမ်းမြို့မှ
ကြိုဆိုပါ၏

ဖလမ်းမြို့

ဆူရ်ဘုန်လေဆိပ်တည်ရှိရာ တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်သော ဖလမ်းမြို့သည် ဗြိတိသျှတို့မှ (၁၈၉၂ )ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ချင်းတောင်တန်း အုပ်ချုပ်ရေးဖြစ်စဉ်တွင် အရေးပါသော မြို့လေး တစ်မြို့ဖြစ်ခဲ့ပါသည်။ ယနေ့တိုင် ဖလမ်းမြို့ရှိ အဆောက်အအုံများသည်လည်း ဗြိတိန် လူမျိုးများ၏နေထိုင်မှုပုံစံများကိုထင်ဟပ်စေပြီးလှပသောကိုလိုနီအမွေအနှစ်အဆောက်အအုံများ၊ မြို့လယ်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ တောင်ပေါ်တွင် ကစ်သလစ်ဘုရားကျောင်း နှင့် လွတ်လပ်ရေးစေတီတော်၊ ဖလမ်းမြို့‌ဈေး၊ ဟိန္ဒူဘုရားကျောင်းနှင့် တရုတ်ဘုံကျောင်း၊ လိုင်လွန်းဂူ၊ တာရွှန်းအမွေအနှစ် ဗိုလ်ကြွန်ဘိခ်ကျေးရွာစသည့်နေရာများဖြင့် လည်ပတ်စရာ စုံလင်လှပါသည်။ ထို့အပြင် ဖလမ်းမြို့မှခရီးဆက်မည်ဆိုပါက လဲင်သဲကျေးရွာနှင့်လဲင်သဲ‌မြေအိုးလုပ်ငန်း ၊ အသည်းပုံ ရိဒ်ရေကန်သို့လည်း သွားရောက်နိုင်ပါသည်။

အသုံးဝင်သော စကားလုံးများ​

စိတ်ဝင်စားဖွယ်ရာ နေရာများ

ရိဒ်ရေကန်

ချစ်စရာကောင်းသော၊ ဒဏ္ဍာရီများနှင့် ပြည့်နှက်နေသည့် အသည်းနှလုံးပုံစံရှိသော ရိဒ်ရေကန်သည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား၊ ဖလမ်းမြို့နယ်၏ အနောက်ဘက်ခြမ်း၊ ရိဒ်ခေါဒါရ်မြို့ ပင်လယ်ရေမျက်နှာပြင်အထက် ၈၅၃ မီတာအထက်တွင် တည်ရှိသော ရေကန်ကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အခမ်းနားဆုံးနှင့် အလှပဆုံး ရေကန် တစ်ခုဖြစ်ပါသည်။ ရေကန်၏ အကျယ်အဝန်းအနေဖြင့် အရှည် (၁) မိုင်ခန့်ရှိပြီး အနံ (၁/၂) မိုင်ခန့်ရှိပါသည်။ စုစုပေါင်း အကျယ်အဝန်းအနေဖြင့် (၃) မိုင်ခန့် ရှိပါသည်။ ရေကန်၏ အနက်မှာ ၆၀ ပေကျော်ရှိပါသည်။ ဖလမ်းမြို့မှ ၆၃ မိုင်အကွာနှင့် တီးတိန်မြို့မှ ၃၂ မိုင် အကွာအဝေးတွင် တည်ရှိပြီး မော်တော်ယာဉ် ဖြင့်သွားရောက်လည်ပတ်နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်

အိန္ဒိယ-မြန်မာ ဝင်ပေါက်/ထွက်ပေါက်နယ်စပ်ဂိတ် ( ဇိုခေါထာရ်-ရိခေါ်ဒါရ်) အား အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် ( ၈.၈.၂၀၁၈ )ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ နယ်စပ်ဂိတ်သည် နှစ်နိုင်ငံစီးပွားရေး၏ အဓိက ဝင်ပေါက်/ထွက်ပေါက်ဂိတ်ဖြစ်ပါသည်။ ရိဒ်ဒေသနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို သိရှိလိုပါက ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် ရိခေါ်ဒါရ်မြို့ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့  ဉက္ကဌတို့အား ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လိုင်းလွန်ဂူ

ဖလမ်းမြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော လိုင်းလွန်ဂူသည် ဖလမ်းမြို့မှ ၅ မိုင်ခန့်အကွာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀-၄၅၀၀ ကြားတွင် တည်ရှိပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်ဖြင့် မိနစ် ( ၂၀)၊ ခြေလျင်ဖြင့် ( ၁ ) နာရီခန့်အချိန်ယူ၍ သွားရောက်လည်ပတ်နိုင်ပါသည်။ ၎င်းလိုင်လွန်ဂူကို သွားရောက်လည်ပတ်မည်ဆိုပါက သမိုင်းဝင်သည့် နေရာများ ဖြစ်ကြသော ဒေသခံများမှ ချင်းလူမျိုးများ၏ဇာတိရပ်မြေဟုလည်းခေါ်ဆိုကြသည့် ပေ( ၃၈၀) ထိနက်သော Lailun(လိုင်လွန်) ကျောက်ဂူ၊ ပေ(၅၀၀) ကျော်နက်သော Lungtial ကျောက်ဂူနှင့်၊ ရှေးယခင်က အဆိုပါ ဒေသရှိ ချင်းလူမျိုးတို့ကိုးကွယ်ခဲ့ကြသော Thlur ကျောက်တို့ကို သွားလေ့လာနိုင်မှာဖြစ်ပါသည်။ အဆိုပါ လိုင်လွန်းဂူအနီးတွင် The Chin Christian Institute of Theology (CCIT), Falam မှ “Lailun Integrated Development Centre” တည်ဆောက်၍ အဆင်ပြေချောမွေ့သော ခရီးစဉ်ဒေသအဖြစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားပြီး ထို Lailun Integrated Development Center တွင် ခရီးသွားဧည့်သည်များ ညအိပ်အနားယူနိုင်ပါသည်။ ၎င်းစင်တာတွင် သင်တန်းပို့ချပေးခြင်း၊ မိသားစုအလိုက် ညအိပ်အပန်းဖြေခြင်း၊ ချင်းအစားအစာများဖြစ်သည့် ဆာဗူသီး၊ နွားနောက်သားတို့အပြင် အော်ဂဲနစ် ခြံထွက်သီးနှံများ ကိုယ်တိုင်ပါဝင်ချက်ပြုစားသုံးနိုင်ခြင်းနှင့် လိုင်းလွန်ဂူအနီးရှိ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကိုလည်း လေ့လာဆောင်ရွက်နိုင်ပါသည်။

တာရွှန်းကျေးရွာ

တာရွှန်းကျေးရွာသည် ချင်းပြည်နယ်၊ ဖလမ်းမြို့မှ (၃) မိုင် အကွာအဝေးတွင် တည်ရှိပါသည်။ ( ၁၅ ) ရာစုတွင် ကျေးရွာ တည်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ခဲ့သော ချင်းအမျိုးသား၊ ချင်းသူရဲကောင်း ဗိုလ်ကြွမ်ဘိခ်( ခ )ဗိုလ်ဆွန်ပက်၏ မွေးရပ်မြေအဖြစ် ထင်ရှားကျော်ကြားခဲ့သော ကျေးရွာဖြစ်ပါသည်။ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ခဲ့ကြပါသည်။ ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားသော လှုပ်ရှားမှုများအနေဖြင့် ခြေလျင်တောင်တက်ခြင်း၊ ကျေးရွာအတွင်း လည်ပတ်ခြင်း၊  ချင်းရိုးရာဂျက်ခုတ်နည်း၊ ဝိုင်လုပ်နည်းများလေ့လာခြင်း၊ သာယာလှပ ရင်သပ်ရှုမောဖွယ် ကောင်းသော သဘာဝရှုခင်းများကို ကြည့်ရှုခြင်း၊ ပြတိုက်ကို လေ့လာခြင်း၊ ချင်းသူရဲကောင်းကြီး ဗိုလ်ကြွမ်ဘိခ်၏ အမှတ်အသားများဖြစ်သည့် အုတ်ဂူနှင့် ကျောက်တိုင်ကို လေ့လာ နိုင်ပါသည်။ တာရွှန်းလူထု အခြေပြုခရီးသွား လုပ်ငန်းအား UK-Aid နှင့် The Backyard Travel and Tour Co.,ltd တို့မှ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါသည်။ 

ဘွာလ်နဲလ်တောင်(ခ)လဲန်နူးပါးတောင်

နာမည်ကျော် အသည်းပုံ ရိဒ်ရေကန် တည်ရှိရာ ရိဒ်ခေါဒါရ်မြို့မှ မိုင်(၂၀) ကျော်ခန့် ကွာဝေးသော ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင် Buannel @ Len Nupa သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ် နယ်စပ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၈၂၂၆ပေမြင့်သော တောင်ဖြစ်ပါသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် အထီးတောင် (apa) နှင့် အမတောင် (Len Nupa) (သို့မဟုတ်) နတ်သမီးတပါး လဲလျောင်းနေသလို ဟူ၍ ခွဲခြားတည်ရှိပါသည်။ ဘွာလ်နဲလ်တောင်၏ တောင်ရှင်မလေးထိန်းကျောင်းသော သားရဲတိရိစ္ဆာန်မျိုးစုံတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကျက်စားရာမြေဟု ဒဏ္ဍာရီ ပုံပြင်များလည်းရှိသောတောင် ဖြစ်ပါသည်။ ထို့အပြင်ဒီစားကျက်မြေမှာ(ကျောက်ထပ်) ကျောက်ပြားများတခုနှင့် တခုထပ်နေတာတွေရှိပြီး စမ်းသပ်ကြည့်လိုသူများအနေဖြင့် ဒီကျောက် ထပ်တွေကို အမှတ်အသားထားကာ တခုခုနဲ့ခွဲပြီးအဝေးတနေရာမှာထားလိုက်မည်ဆိုလျှင် များမကြာမီ ပြန်ရောက်နေပြီးသွားပြန်ကြည့်တဲ့အခါ ထပ်လျက် ပြန်တွေ့ကြတယ်လို့ပြောကြတယ်။ တောင်ပေါ်ရှိ စားကျက်မြေသည် ချင်းသီချင်းစာ၊ ကဗျာများတွင် ပါဝင်သော နေရာတခုဖြစ်ပြီး ရှေးဘိုးဘွားများ၏ မူလဖြစ်တည်ရာ နေရာဟု ယုံကြည်ကြသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် ရောင်သွေးစုံလင်ချင်းတို့မြေမှ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါသည်။ တောင်ပေါ်တွင် ကျေးငှက်ကလေးများ ဝဲပျံတွန်ကျူးများနှင့် အနီးအနား ပျံသန်းဝဲနေမှုကို မြင်တွေ့ရခြင်း၊ နွားနောက် စားကျက်မြေအား မြင်တွေ့ရခြင်း၊ သဘာဝ အအေးဓာတ်ကို ရရှိခံစားခြင်း၊ မျက်စိပသာဒအလွန်ကောင်းခြင်း၊ စိတ်တိုင်းကျ ဓာတ်ပုံများ ရိုက်ခွင့်ရခြင်း၊ မောပန်းသော်လည်း သစ်ပင်ကြီးများ အရိပ်ကြောင့် ခရီးသွားများ အမောခံနိုင်ခြင်း၊ ဒေသခံများမှ ချက်ပြုတ်ပေးထားသော ထမင်း/ဟင်းများအား အရသာရှိစွာ စားသုံးနိုင်ခြင်း၊ တစ်တောင်လုံး အဖြူ၊ အနီ၊ အပြာ အစရှိသည့် တောင်ပေါ်ပန်းနှင့် တောင်ဇလပ်ပန်းတို့ဖြင့် ရာသီအလိုက်လှပစွာ ဝေဝေဆာဆာ ဖူးပွင့်နေကြပါသည်။ ကမ္ဘာမှာရှားပါးလှတဲ့ မျိုးစိတ်တခုဖြစ်တဲ့ လည်ပင်းဖြူလဒငှက်ကြီးမျိုးတွေ ရှင်သန်နေထိုင်ရာများထဲက တခုလည်းဖြစ်တယ်လို့သိရပါတယ်။ တောင်ပေါ်ရှိ မြက်ခင်းပြင်ကို တောင်ထိပ်ဖျား ၁၀လုံးက စက်ဝန်းပုံသဏ္ဍာန် ကာရံထားပြီး မြက်ခင်းအလယ်မှာ တောစမ်းချောင်းငယ်လေးတစ်ခု စီးဆင်းလျှက်ရှိသည်။ ၎င်း ချောင်းရေသည် ရှေးယခင် အမဲလိုက်မှုကြောင့် ဒဏ်ရာရရှိသော တိရစ္ဆာန်များအတွက် ကုသနိုင်သော ဆေးဖက်ဝင် ရေဖြစ်ကြောင်း သိရသည်။ ထို့အပြင် ချောင်းရေထဲတွင် သစ်ရွက်များ၊ အမှိုက်များ ကျပါလျှင်လည်း ငှက်ကလေးများက ဆယ်ယူကြသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် ဧပြီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် လာရောက်လည်ပတ်ရန် အသင့်ဆုံးချိန်ဖြစ်ပြီး ဖလမ်းမြို့ (သို့မဟုတ်) တီးတိန်မြို့ မှတဆင့် လမ်းကြောင်းနှစ်ခုဖြင့် သွားရောက် လည်ပတ်နိုင်ပြီး တောင်ခြေရှိမွန်လွှကျေးရွာနှင့် လမ်းပြများ ငှားရမ်းခြင်းနှင့် အစားအသောက်များ တည်ခင်းရေး ပြင်ဆင်ပေးနိုင်ခြင်းနှင့်အတူ ကျေးရွာ၏ လူနေမှု ဓလေ့စရိုက်များနှင့် သဘာဝဝအလှတရားမျာ ခံစားလေ့လာနိုင်ပါသည်။

လင်သဲမြေအိုး

ချင်းပြည်နယ်အတွင်းအထင်ရှားဆုံးမြေအိုးလုပ်ငန်းမှာ ဖလမ်းမြို့နယ်ရှိ လင်သဲရွာတွင် ပြုလုပ်ထားသော အိုးများကို ရွာအမည်အစွဲပြု၍ လင်သဲအိုး ဟုခေါ်ကြသည်။ မြေအိုး ပြုလုပ်ရာတွင် ခါရ်ဘုန်းခေါ် မြေတစ်မျိုးကို အသုံးပြုသည်။ ၎င်းမြေကို အနက်(၅)ပေ ခန့်မှ ရယူသည်။  ၎င်းမြေကို (၈)ပေအနက်မှ တူးသော ကျောက်ပျော့နှင့် ( ၂ : ၁ )ဖြင့် ရောပြီး ဆုံတွင် အမှုန့်ဖြစ်သွားသည်အထိ ထောင်းကြိတ်ပေးရသည်။ မြေအိုးကို ပုံစံသွင်းပြီးသည့်အခါ နေပူတွင် အခြောက်လှမ်းပြီး အိုးကျက်သွားသည့်အထိ မီးဖုတ်ရသည်။ မြေအိုးတစ်လုံးပြုလုပ်ရန် မြေကြီးယူ၍ အမှုန့်ထောင်းကြိတ်ချိန်မှ မီးဖုတ်၍ ကျတ်အောင် ပြုလုပ်ပြီးစီးချိန်အထိ (၄)ရက် ကြာသည်။ မြေအိုးပြုလုပ်ရာ လင်သဲကျေးရွာသည် ဖလမ်းမြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့် အကွာတွင် တည်ရှိသည်။

ကလောမွန်ကျေးရွာ နှင့် စော်ဘွားနေ Thang Tin Lain နေအိမ်

ဇာဟောင်လူမျိုးစု ချင်းစော်ဘွားကြီး Thang Tin Lian နေအိမ်သည် ဖလမ်းမြို့မှ ရိဒ်ရေကန်သို့ သွားရာလမ်းပေါ်ရှိ ကလောမွန် (Tlau Hmun)ကျေးရွာတွင်တည်ရှိပါသည်။ ချင်းစော်ဘွားကြီးThang Tin Lian သည် (၁၈၉၅) ခုနှစ်တွင် မွေးဖွားပြီး (၁၉၄၇) ခုနှစ်မေလတွင် ကွယ်လွန်ခဲ့ပြီး၊ ရွာပေါင်း (၈၂) ရွာ၏ စော်ဘွားဖြစ်သည်။ စော်ဘွားကြီး Thang Tin Lian တွင် ဇနီးလေးဦးရှိပြီး သားသမီးစုစုပေါင်း (၂၅) ယောက်ရှိပါသည်။ စော်ဘွားကြီး Thang Tin Lian ၏ နေအိမ်သည် နှစ်ထပ်သစ်သားအိမ်ဖြစ်ပြီး အမြင့် ၂၆ပေ ၊ အရှည် ၆၆ ပေရှိပြီး အနောက်ဘက်တွင် ၆ပေကျယ်သော ဝရန်ဒါလည်းရှိသည်။ အခန်းဖွဲ့ပုံမှာ အပေါ်ထပ်တွင် ဧည့်တွေ့ခန်း ၊ အိပ်ခန်းနှစ်ခန်း၊ ဘိုးဘွားပိုင် ပစ္စည်းများ ၊ ရှေးဟောင်းပစ္စည်းများ ထားရှိရာ အခန်းနှင့်မြေညီထပ် စသည်ဖြင့်ဖွဲ့ထားသည်။ အသုံးပြုသော သစ်သားများမှာ Hual သစ်သားဖြစ်ပြီး ချင်းလူမျိုးတို့ အိမ်ဆောက်ရာတွင် Hual သစ်သားသည် အဓိကအသုံးပြုသော သစ်သားပင်ဖြစ်သည်။ စော်ဘွား၏ အုတ်ဂူအား အိမ်ရှေ့ရင်ပြင်တွင် မြင်တွေ့နိုင်မှာဖြစ်ပါသည်။ ထို့အပြင် ကလောမွန် ကျေးရွာ၏ မနီးမဝေးတွင် သဘာဝဆားအိုင်ရှိပြီး၊ ရှေးတုန်းက ထိုဆားအိုင်မှ ဆားကို ကြိုချက်ထုတ်လုပ်အသုံးပြုရန် ကလောမွန် ရွာသူရွာသားများသာမက အနီးနားရှိ ရွာသားများလည်း လာယူအသုံးပြုကြသည်။ ၎င်းဆားအိုင်အား သွားရောက်လေ့လာမည်ဆိုပါက စော်ဘွားကြီး Thang Tin Lian နေအိမ်မှ ခြေလျင်ဖြင့်(၄၅)မိနစ်ခန့် ၊ ကားဖြင့် (၁၀) မိနစ်ခန့်ကြာပါမည်။ ကလောမွန်ကျေးရွာတွင် စော်ဘွား Thang Tin Lian နေအိမ်လည်ပတ်ခြင်း ၊ သဘာဝဆားအိုင်လေ့လာခွင့်ရခြင်း ၊ ကျေးရွာလူနေမှုဓလေ့မြင်ရခြင်း ၊ အေးမြသောရာသီတု ခံစားရခြင်း စသည်ဖြင့် ထိတွေ့ခံစားနိုင်မည့်အပြင် ဖလမ်းလေဆိပ်မှ ရိဒ်ရေကန်သို့ သွားရောက်လည်ပတ်ရာတွင် တထောက်နားနေရာ ၊ အစားအစာများ မှာယူ သုံးဆောင်နိုင်ရာ နေရာတစ်ခု ဖြစ်ကြောင်း ခရီးသွားနေရာတစ်ခုအဖြစ် ဖော်ပြလိုက်ရပါသည်။

ဇိန်မှုတောင်

ဇိန်မှုတောင် (Mt. Zing Hmuh) သည် ဖလမ်းမြို့၊ ဟားခါးမြို့နှင့်ထန်တလန်မြို့ကြားတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၁၄ ပေ ရှိပါသည်။ ချင်းပြည်နယ်အတွင်းရှိ တတိယ အမြင့်ဆုံးတောင်ဖြစ်ပါသည်။ ၎င်းသည် သဘာဝ သစ်ပင်ပန်းပင်များ၊ သစ်ခွပန်းများ၊ ကျေးငှက်များ၊ တိရစ္ဆာန်များ ပေါကြွယ်ဝသော တောင်အမျိုးအစားဖြစ်ပါသည်။ ထို့အပြင် သီးမြစ် ၊ တီအိုင်ချောင်းမှတဆင့် မဏိပူရမြစ်နှင့်နောက်ဆုံးကုလားတန်မြစ်အဖြစ် ပေါထွန်းစေဖို့အတွက် မြစ်ဖျားခံသည့် ဒေသခံတို့၏ အမြတ်တနိုးတန်ဖို့ထားရာ လိုင်သီးလီ ( Lai Ti Li ) သဘာဝရေကန် တည်ရှိသော တောင်ဖြစ်ပါသည်။ ဇိန်မှုတောင်သည် တောင်တက်ခြင်း၊ တောကြမ်း လမ်းလျှောက်ခြင်း၊ သဘာဝအလှနှင့်အတူ ဓါတ်ပုံရိုက်ခြင်း၊
သဘာဝ ပတ်ဝန်းကျင်ကို ကြည့်ရှုခြင်း၊ ပျော်ပွဲစားထွက်ခြင်းများအား စိတ်ဝင်စားသူများအတွက် အသွားသင့်ဆုံး နေရာဖြစ်ပါသည်။ ဇိန်မှုတောင်သို့ ဖလမ်းမြို့၊ ဟားခါးမြို့နှင့်
ထန်တလန်မြို့ကနေ မော်တော်ယာဉ်
(သို့မဟုတ်) ဆိုင်ကယ်ဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။