ချင်းပြည်နယ် မင်းတပ်မြို့မှ
ကြိုဆိုပါ၏

မင်းတပ်မြို့

မင်းတပ်မြို့သည် ချင်းပြည်နယ်မြို့များထဲတွင် သွားရောက်လည်ပတ်ရန် အလွယ်ဆုံးသော မြို့ဖြစ်ပြီး၊ ပုဂံမြို့မှ လေးနာရီသာ မော်တော်ယာဉ်ဖြင့် မောင်းရသော မြို့ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅၀၀မီတာတွင် တည်ရှိသော မင်းတပ်မြို့သည် ချင်းပြည်နယ်ရှိ အခြားမြို့များနည်းတူ ရာသီဥတုသည် ဆောင်းရာသီတွင် အေးမြပြီး နွေရာသီတွင် လည်ပတ်ရန် အလွန်ကောင်းသော မြို့ဖြစ်ပါသည်။ မင်းတပ်မြို့တွင် အဓိကအားဖြင့် ချိုးမျိုးနွယ်စု ( မွမ်း၊ ဏာန်း၊ ဒိုင် ) များနေထိုင်ကြသည်။ မင်းတပ်မြို့သည် တောင်တက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ဒေသခံများနှင့် ထိတွေ့ခြင်းတို့အတွက် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပါသည်။ ချိုးလူမျိုးနွယ်စုများ၏ ထူးဆန်းသော ရိုးရာပါးရဲ ထိုးခြင်း၊ မှင်သက်ရှုမောဖွယ် ရှုခင်းနှင့် ချင်းကျေးရွာများ၊ ရိုးရာအတိုင်း ပြုလုပ်ထားသော ဝိုင်များကြောင့် မင်းတပ်မြို့နယ်သို့ အလည်သွားရောက်ရန် အထိုက်တန်ဆုံးသော နေရာ ဖြစ်ပါသည်။ မင်းတပ်မြို့ရှိ ချင်းလူမျိုးများသည် ယနေ့တိုင် ရိုးရာဝတ်စုံ၊ ပလိုင်းနှင့် ဓားပလိုင်း အသုံးပြုကြသည်။ အမျိုးသမီးများသည် မိမိတို့ကိုယ်တိုင် ပြုလုပ်ထားသော ပုတီး၊ ကျီစွယ်နှင့် နားတောင်းများကို ဝတ်ဆင်ထားကြသည်။

ဟိုတယ်နှင့် တည်းခိုရိပ်သာများ

မင်းတပ်မြို့ရှိ တည်းခိုရိပ်သာနှင့်ဟိုတယ်များ

စိတ်ဝင်စားဖွယ်ရာများ

ရှေးဟောင်းယဉ်ကျေးမှုရိုးရာပြခန်း

ရှေးဟောင်းယဉ်ကျေးမှု ရိုးရာပြခန်းသည် ချင်းပြည်နယ်၊ မင်းတပ်မြို့ဘဝသစ် ရပ်ကွက်တွင် တည်ရှိပြီး ၂၀၁၀ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ ချင်းလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်တွင်းမှာ သာမက တစ်ကမ္ဘာလုံးမှ သိရှိလေ့လာနိုင်စေရန်နှင့် ချင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ပြခန်းတွင် မင်းတပ်မြို့နယ်အတွင်း နေထိုင်သော မွင်း၊ ဏာန်း၊ ဒိုင်းရ်မျိုးနွယ်စုများ၏ ရှေးခေတ်အသုံးအဆောင် ပစ္စည်းများကို လေ့လာနိုင်ပါသည်။ အေဒီ ၇ ရာစု ချင်းလူမျိုးများ၏ အသုံးအဆောင်ပစ္စည်းများ၊ မင်းတပ်မြို့နယ်အတွင်း တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ လက်ကောက်များ၊ ကမ္ဘာ့အကြီးဆုံးရှေးဟောင်း နားကပ်များ၊ ရှေးဟောင်း နတ်သင်္ကန်းများ၊ ရှေးခေတ် ပျူဆေးတံအိုးများ၊ လက်ကောက်များ၊ ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်၊ ဂျပန်လူမျိုးများ အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများအား လေ့လာနိုင်ပါသည်။

ခေါ်နူးစုမ်တောင်

ချင်းလူမျိုးများ အမြတ်တနိုးခေါ်ဝေါ်သည့် ခေါ်နူးစုမ်တောင်အား နတ်မတောင် (သို့မဟုတ်) Mt. Victoria ဟူ၍လည်း လူသိများကြပါသည်။ ခေါ်နူးစုမ်တောင်သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ် (၃)မြို့နယ်အကြားတွင် တည်ရှိပါသည်။ ၎င်းသည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁၀၂၀၀ တွင် တည်ရှိပြီး ချင်းပြည်နယ်၏ မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင်ဖြစ်ပါသည်။ နတ်မတောင်အမျိုးသားဉယျာဉ်သည် ၂၇၉ ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းပြီး၊ ကမ္ဘာလှည့် ခရီးသည်များအတွက် ၂၀၁၀ခုနှစ်တွင် အမျိုးသားဉယျာဉ်အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသည် အာဆီယံ အမွေနှစ်ဉယျာဉ်နှင့် ထိန်းသိမ်း စောင့်ရှောက်ထားသော မျက်ခုံးမွှေးဖြူဌက် ပြာခြောက်(White Browed Nuthatch)နှင့် အခြားရှားပါသောဌက်များ၊ ပန်းမန်များ ကြည့်ရှုနိုင်သည့် ဧရိယာလည်း ဖြစ်ပါသည်။ အဆိုပါ အာဆီယံအမွေအနှစ်ဉယျာဉ်သည် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် မြန်မာနိုင်ငံရှိ အပန်းဖြေခရီးသွားနေရာများ အနက်တစ်ခုဖြစ်သည်။

ဘောင်ကျေးရွာ

 

ဘောင်ကျေးရွာသည် မင်းတပ်မြို့နယ်မှ ( ၂၅ ) မိုင်ခန့်အကွာတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့် (၁)နာရီခွဲဝန်းကျင်၊ ဆိုင်ကယ်ဖြင့် (၁)နာရီခန့် မောင်းနှင်၍ သွားရောက်လည်ပတ်နိုင်ပါသည်။ ကျေးရွာအတွင်း ကြက်ဉဗေဒင်တွက်ချက်နည်း၊ ရိုးရာဂျတ်ခုတ်လုပ်ငန်းများ၊ ရိုးရာ ပါးရဲထိုးခြင်း၊ အသုံးအဆောင် ပစ္စည်းများအား ဝါးဖြင့် ပြုလုပ်ပုံများကို လေ့လာနိုင်ပါသည်။ ချိုးလူမျိုးတို့၏ ရိုးရာဝါးဂီတ/ သစ်ပတ္တလား တီးခတ်မှုများကို လေ့လာနားဆင်ရင်း ဒေသခံများ နှင့် ရိုးရာအကကို ဝိုင်းဖွဲ့ပါဝင်ဆင်နွှဲနိုင်ပါသည်။ ရိုးရာအစားအသောက်အနေဖြင့် မဲဘု၊ အေတွီ၊ ကြက်သားချင်းသုတ်၊ ဆပ်ဝါနဲန် ၊ ခေါင်ရည်စသည့် ချင်းရိုးရာအစားအစာများလည်း သုံးဆောင်နိုင်ပါသည်။ ဘောင်ကျေးရွာတဝိုက်တွင် မိမိအပြစ်ကို တစ်ပါးသူထံ မရောက်စေရန်နှင့် မကောင်းမှု မှန်သမျှ ပျောက်ကင်းအောင် ဆေးကြောရသည့် Kut M’shi Li ရေကန်၊ နာရေးကိစ္စ နိမိတ်ပြသည့်အခါ ကလေးငိုသံကြားရသည့် Nau Hta Lung ကျောက်ဂူ၊ လပြည့်လကွယ်တွင်သာ ဆားထွက်ပြီး ၎င်းဒေသရှိ တိရိစ္ဆာန်များ သောက်သုံးလေ့ရှိသည့် Bawng Sih ဆားရေတွင်း၊ အမျိုးသားများမှ တောလိုက်ပြီး ရရှိလာသည့် သားကောင်ဖြင့် စားသောက်ပွဲ ကျင်းပပြီး နောက်နေ့တွင် ကြက်ဉဗေဒင် တွက်ချက်ပြီး ပူဇော်ရသည့် နတ်ကွန်းသစ်ပင်၊ မျိုးနွယ်စု တစ်ခုချင်းစီ၏ အရိုးကျောက်ဂူများ၊ နှစ်စဉ် “လုံယူး”ပွဲကိုကျင်းပပြီး စိုက်ထူထားသော “လုံယူးကျောက်ဖျာ”များ၊ လပြည့်လကွယ်ညများတွင် မောင်းသံများကြားရသည့် Pho Bo Lung ကျောက်ဆောင်၊ ကျောက်ပန်းပွင့်များ သဘာဝအတိုင်း ပွင့်လျက်ရှိသော လုံ့ခေကျောက်ဆောင်တို့ကို သွားရောက်လေ့လာနိုင်ပါသည်။ ဘောင်ကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

ကျားဒိုကျေးရွာ

မင်းတပ်-ကန်ပက်လက်လမ်းမှတစ်ဆင့် သွားရပြီး မင်းတပ်မြို့မှ (၁၂)မိုင်ကွာဝေးပါသည်။ ဆိုင်ကယ်ဖြင့် သွားလျှင် ( ၁ ) နာရီခန့် ကြာမြင့်ပါသည်။ ကျားဒိုရွာတွင် ချင်းရိုးရာအိမ်၊ ကျောက်ဖျာ၊ နတ်တိုင်နှင့် ပါးရဲထိုးထားသော မွင်းအမျိုးသမီးများအား တွေ့ရမည်ဖြစ်ပါသည်။ နတ်တိုင်နှင့် ကျောက်ဖျာ အကြောင်းများလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။

လိပ်ဆော ကျေးရွာ

လိပ်ဆော(လိပ်ဆွိုင်း) ရွာသည် ကျော်လောင်းနှင့် ဘုန်းလောင်း (ခေါ်) လည်မြိုမြစ် ဆုံရာတောတောင်ကုန်းလမ်းကြောင်းပေါ် ခိုင်မြဲစွာ ရပ်တည်လျက်ရှိသည်။ ရွာသူ ရွာသားတို့သည် ဒိုင်ရ်ချင်း စကားပြောကြပြီး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ အစိုးရကျောင်း မရှိသည့်အတွက် ကျောကျောင်းသား ကျောင်းသူများသည် မိမိတို့ရွာမှ ၃.၂၂၀ ကီလိုမီတာခန့် ဝေးလံသော ခင်ဖေါင်ရွာသို့ လမ်းလျှောက်ကာ ပညာဆည်းဖူး ကြရသည်။ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် ဝင်ငွေပိုကောင်းမွန်သော ဝဉ( ဖျံဉ ) စိုက်ပျိုးရေးကိုပါ အားထားလာကြသည်။ ခန့်မှန်းခြေအားဖြင့် ၅.၆၅ ကီလိုမီတာခန့် ရှည်လျားသော သဘာဝ တောကွင်းပြင်ကြီး ကိုလည်း ကျေးရွာမှ ရင်သက်ရှူမောဖွယ်ရာ တွေ့မြင်ခံစားနိုင်ပါသည်။

ချင်း အမျိုးသမီးများနှင့် ဂုဏ်ယူဖွယ် ပါးရဲထိုးခြင်းဓလေ့

ချင်းပြည်နယ်ရှိ လူနည်းစုဖြစ်သော ချင်းအမျိုးသမီးများသည် ပါးရဲထိုးခြင်းရိုးရာကြောင့် လူသိများပြီးအဆိုပါရိုးရာသည် ချင်းအမျိုးသမီးများ၏ သတ္တိရှိခြင်း၊ လှပခြင်း နှင့် သန်မာခြင်းတို့ကို ရည်ညွှန်းပါသည်။ ပါးရဲထိုးခြင်းအတွက် အသုံးပြုသော အပ်ကို များသောအားဖြင့် ဝါးဆူး(သို့) သစ်ပင်၏ အဆူးတစ်ခုခုဖြင့် အသုံးပြုကြပြီး မှင်ရည်အတွက် ကျပ်ခိုး၊ ဘောက်သီး နှင့် အရွက် ညှစ်‌ရည်များ ရောနှောကာ ပါးရဲထိုးလေ့ရှိပါသည်။ ရှေးယခင် မိရိုးဖလာအစဉ်အလာအရ ချင်းအမျိုးအမီးအများစု၏ မျက်နှာပေါ်တွင် ပါးရဲထိုး လေ့ရှိကြပြီး ပါးရဲထိုးထားသည့်အမျိုးသမီးသာလျှင် မိန်းမပီသသည်ဟုယူဆကြပါသည်။ သို့သော်လည်း ချင်းအမျိုးသမီးတိုင်း ပါးရဲထိုးခြင်းမရှိကြပါ။ ပါးရဲထိုးထားသော ချင်းအမျိုးသမီးများကို မင်းတပ်၊ ကန်ပက်လက် နှင့် ပလက်ဝမြို့နယ်များတွင်တွေ့ရပြီး လူမျိုးစုအလိုက်ပါးရဲပုံစံများ ကွဲပြားကြ ပါသည်။

 

ပါးရဲထိုးထားသော ချင်းအမျိုးသမီးများနှင့် ပတ်သက်ပြီး အတွေ့အကြုံနှင့် တွဲရိုက်ထားသောဓာတ်ပုံ ရှိရင်လည်း မျှဝေပေးပါအုံးနော်……

 

 

ပါန်းဂေါင်းကျောက်ဖျာ (ကျောက်တုံး သချိုင်းဂူများ)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ဒေသအခေါ် ပါန်းဂေါင်းဟု ခေါ်ဆိုသော ကျောက်ဖျာများကို ချင်းပြည်နယ်၊ တောင်းပိုင်းဒေသတွင် အများဆုံးတွေ့ရပါသည်။  ယနေ့ထိတိုင် ကြွင်းကျန်တည်ရှိနေသော ယင်းကျောက်ဖျာ(ကျောက်တုံး သချိုင်း ဂူများ)ကို လေ့လာသုံးသပ်ခြင်းဖြင့် လွန်လေပြီသော နှစ်ရာကျော်ကတည်းက တူညီသော ရှေးထုံးတမ်း ဓလေ့ကိုသာ ကျင့်သုံးခဲ့ကြသည်ကိုသိရှိနိုင်ပါသည်။ ရှေးခတ် နတ်ကိုးကွယ်မှုထွန်း ကားခဲ့စဉ်က ယုံကြည်သူများသည် မီးရှို့သဂြိုဟ်၍ အသုဘချသည့် နည်းကိုသာ ကျင့်သုံးခဲ့ကြသည်။ ကြွင်းကျန်သော အရိုးပြာများနှင့် မီးခဲအချို့ကို အရိုးအိုး(ခေါ်) Yu Am မြေအိုးထဲတွင် ထည့်ကြသည်။ အမျိုးသမီးဖြစ်လျှင် အရိုးပြာမီးခဲအချို့ကို မြေအိုးထဲထည့်ပြီး လုံအောင်ပတ်ရသည်။ ထို့နောက် သူမ၏ လက်ဝတ်ရတနာ၊ အဖိုးတန်ပစ္စည်းများကိုလည်း သံဆံထိုးညှပ်ထားသော ဆံပင်ကို အရိုးပြာအိုး အနောက်ဘက်ချထားလျက် ကျောက်ဂူသွင်းရသည်။ အမျိုးသား ဖြစ်လျှင်ကား အရိုးပြာ မီးခဲအချို့ကို မြေအိုးထဲထည့်၍ လုံအောင်ပိတ်ကာ ဆံထုံး နှင့်အတူ ကျောက်တုံးဂူ သွင်းကြသည်။ ထို့အပြင် ၎င်းတို့၏ အသုံးအဆောင်အဖိုးတန် ပစ္စည်းများကိုလည်း ဂူသွင်းကြသည်။ ဤပါန်းဂေါင်း ကျောက်တုံးသချိုင်းဂူကြီးများ အနီးအနားတွင်ပင် ပို၍ ရှေးကျသော ဟုတ်ခေါ် လူမျိုးများ၏ ဧရာမ ကျောက်တုံးသချိုင်းဂူကြီးများ (လုန်ဒဲရ့်/Lung Delh) တည်ရှိနေသေး၍ အလွန်ပင် စိတ်ဝင်စားသဖွယ် လေ့လာခွင့်ရရှိနိုင်သည်။

နွားနောက်

နွားနောက်သည်ချင်းလူမျိုးတို့အတွက် အလွန်အရေးပါသော တိရစ္ဆာန်ဖြစ်သည်။ နွားနောက်ကို စိုက်ပျိုးမြေ ဧရိယာများနှင့် ဝေး၍ တောတောင်ထူထပ်သော နေရာများတွင် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြပါသည်။ ရှေးအခါက ချင်းလူမျိုးများ၏ ဓလေ့တွင် ချမ်းသာ ကြွယ်ဝမှုကို နွားနောက် ပိုင်ဆိုင်မှုဖြင့် တိုင်းတာ လေ့ရှိခဲ့ကြသည်။

ချင်းရိုးရာခေါင်ရည်(ဆပ်နီခေါင်ရည်)

ချင်းရိုးရာခေါင်ရည်သည် ဆပ်၊ ဆန်၊ ကောက်ညှင်းဆန်များဖြင့် ရိုးရာနည်းအရ ပြုလုပ်သော ခေါင်ရည်ဖြစ်ပါသည်။ ချင်းရိုးရာခေါင်ရည်သည် ချိုမြပြီး၊ နောက်ပိုင်း အနည်းငယ်ချဉ်သော အရသာရှိပါသည်။ စပျစ်ရည်၊ သံပုရာရည်တို့နှင့် ရောစပ်ထားသော ယမကာနှင့် အနည်းငယ်အရသာတူပြီး ချင်းရိုးရာဓလေ့တွင် ချင်းခေါင်ရည်သည် အဓိကကြသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ချင်းရိုးရာအရ အိမ်ရှင်ဖြစ်သူမှ ကြိုဆိုဂုဏ်ပြု၍ ခေါင်ရည်တိုက်သောအခါ ဧည့်သည် အနေဖြင့် မငြင်းဆန်ပဲ သုံးဆောင်ခြင်းသည်လည်း ဂုဏ်ယူစရာ အလေ့အထတစ်ခုဖြစ်ပြီး ကျင်းပလေ့ရှိသည့် ပွဲတော်တိုင်းတွင် ခေါင်ရည်သည် မဖြစ်မနေပါရှိသော အရာတစ်ခုဖြစ်ပါသည်။