ရိုးရာအစားအစာများ
အေတွီ
ပြောင်းဖူးအခြောက်အား ထောင်း၍ သော်လည်းကောင်း၊ ပြောင်းဖူးအစိုအား ခြွေ၍ သော်လည်းကောင်း နွားနောက်သား ( သို့ ) နွားနောက်ရိုးဖြင့် ဦးစွာပြုတ်ရပါမည်။ ၄င်းတို့မနူးခင် ပဲယင်းထည့်ပြီး အားလုံးနူးအောင် ပြုတ်၍ ဖရုံ(အသီး၊ အရွက်)၊ အပ်လှီ၊ ပဲရွက် ( သို့ ) ကြိုက်နှစ်သက်ရာအရွက် တို့ကိုထည့်ပီး ချက်ပြုတ်ရပါသည်။ ငရုတ်သီး၊ ပင်စိမ်း ( သို့ ) ဖိုက်ဖိုင်ရွက်၊ ငပိတို့ ထောင်းပြီး ၄င်းငရုတ်သီးထောင်းဖြင့် အေတွီအား တွဲဖက်စားသုံးကြပါသည်။ သတ်သတ်လွတ် စားလိုသူများမှ အသား အသုံးမပြုဘဲ အသီးအရွက်များကိုသာ အသုံးပြု၍ ချက်ပြုတ် စားသုံးလေ့ရှိကြပါသည်။ ချင်းလူမျိုးစုအလိုက် ပြုလုပ်ပုံ အနည်းငယ် ကွာဟမှုရှိပါသည်။
ကြက်သားသုတ်၊ နွားနောက်သားသုတ်
ချင်းပြည်နယ်တောင်ပိုင်းရှိ လူမျိုးစုများ၏ ပွဲတော်များတွင် စားသုံးကြပီး၊ မိမိတို့ နေအိမ်တွင်လည်း ဟင်းလျာတစ်မျိုး အဖြစ်လည်း စားသုံးကြပါသည်။ ကြက်ကောင်လုံး ( သို့ ) နွားနောက်သားခြောက်အား ပြုတ်၍ အသားများအား နွှန်ရပါမည်။ ဂျင်း၊ ဖိုက်ဖိုင်ရွက်၊ ငရုတ်သီးများအား သီးသန့်ထောင်းရပါသည်။ ကြက်သွန်နီလှီး၍ နွှာထားကာ အသားများနှင့် ထောင်းထားသောဂျင်း၊ ဖိုက်ဖိုင်ရွက်၊ ငရုတ်သီးများအားလုံး ပေါင်း၍ ဆားအနည်းငယ်ထည့် နှယ်ကာ စားသုံးကြပါသည်။
ချင်းကော်ဖီ
ချင်းပြည်နယ်အတွင်း ကော်ဖီအား တီးတိန်မြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ချင်းကော်ဖီသည် ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ ( ၄၀၀၀ ) နှင့် ( ၉၀၀၀ ) ကြားတွင် စိုက်ပျိုးရသော အာရေဗီးကား အမျိုးအစားဖြစ်ပါသည်။ ချင်းကော်ဖီသည် ဓါတုပစ္စည်းများ လုံးဝအသုံးမပြုဘဲ သဘာဝအတိုင်း စိုက်ပျိုး ထုတ်လုပ် ထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ၎င်း၏ ထူးခြားသော အနံ့နှင့်အရသာများကြောင့် ကော်ဖီချစ်သူများ အကြိုက် ဆွဲဆောင်မှုရှိသော ကော်ဖီဖြစ်ပါသည်။အောက်ဖော်ပြပါ ဆိုင်များတွင် နေ့စဉ်သုံးဆောင်နိုင်ပါသည်-
မဲဘု
ချင်းပြည်နယ်တောင်ပိုင်းတဝိုက်တွင် “မဲဘု”အား ပွဲလမ်းသဘင်များတွင်သာမက နေ့စဉ်နှင့်အမျှ ယနေ့တိုင် စားသုံးလေ့ ရှိကြပါသည်။ နွားနောက်သား၊ နွားနောက်သွေးနှင့် ဆေးထားပြီးသည့် ဆန်အား ရော၍ ပြုတ်ရပါသည်။ အရည်များ လိုအပ်သည်အထိ ခမ်းခြောက်သည့်တိုင်အောင် မွှေရပါသည်။ ခမ်းခြောက်လာသည့်အခါ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူ/နီနှင့် ဖိုက်ဖိုင်ရွက်တို့အား ထောင်း၍ ထည့်မွှေရပါသည်။ နွားနောက်သား (သို့) ဝက်သား (သို့) ကြက်သားအား အသုံးပြု၍ ချက်ပြုတ်နိုင်ပါသည်။
ပြာဟင်း
“ပြာဟင်း”သည် ချင်းပြည်နယ် တောင်ပိုင်းဒေသတဝိုက်တွင် ရိုးရာဟင်းများအနက် နာမည်ကြီး လူကြိုက်များသည့် ဟင်းတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးရိုး (သို့) ဝံသာနုကဲ့သို့သော အရွက်တစ်မျိုး(သို့) ငှက်ပျောရွက်(သို့) ဆပ်နီအရိုး (သို့) ပင်စိမ်းဖူးတို့အား အခြောက်ခံ၍ မီးရှို့ကာ ၎င်းပြာများအား ရေဖြင့်ပြန်စစ်၍ ရရှိလာသော ပြာရည်အား ကြက်သား၊ ဝက်သား၊ နွားနောက်သားစသည့် အသားတစ်မျိုးမျိုးဖြင့် ချက်ပြုတ်ပြီး အရသာထူးကဲသော ပြာဟင်းတစ်ခွက်ကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။
ဆာဗူသီး
“ဆာဗူသီး” သည် ချင်းမြောက်ပိုင်းဒေသ ရိုးရာအစားအစာ ဖြစ်ပါသည်။ ချင်းလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးသော အစားအစာ တစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးနှင့်အသား ( အမဲသား (သို့) ဝက်သား)တို့ ရောနှော၍ ချက်ပြုတ်ရသော အစားအစာ ဖြစ်ပါသည်။ “ဆာ” ဆိုသည့် အဓိပ္ပါယ်မှာ“အသား”ဖြစ်ပြီး “ဗူသီး”ဆိုသည်မှာ “ပြောင်းဖူးပြုတ်ရည်”ဟု အဓိပ္ပာယ်ရပါသည်။ “ ဆာဗူသီး ”ကို ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့နှင့် ရောနှောထားသော ငရုတ်သီးထောင်းကို နွားနောက်သားခြောက်ကြော်၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံရွက်နှင့် ခရမ်းခါးသီးတို့ဖြင့် တို့မြှုပ် စားသောက်နိုင်ပါသည်။ အသားမကြိုက်သူ/ သတ်သတ်လွတ် စားသူများသည် အသားအစား ပဲနီ၊ ဖရုံသီး၊ အာလူးတို့ကို ထည့်၍ ချက်ပြုတ် စားသောက်နိုင်ပါသည်။
ဝိုင်
ချင်းပြည်နယ်၏ အစားအသောက်များအနက် “ဝိုင်”သည်လည်း နာမည်ကြီးပါသည်။ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ မဲခေါက်သီးနှင့် တောင်ဇလပ်ပန်းများကို ဝိုင်ဖောက်၍ ပွဲလမ်းသဘင်များတွင် သုံးဆောင်လျက်ရှိပါသည်။ သန့်ရှင်းသပ်ရပ်စွာ ဖော်စပ်ထားသည့် ဝိုင်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် အိမ်ပြန်လက်ဆောင်များအဖြစ်လည်း ဝယ်ယူရန် သင့်တော်ပါသည်။ ယခုအခါ ချင်းပြည်နယ်ထွက် ကော်ဖီစေ့များဖြင့် ကော်ဖီဝိုင်အဖြစ် ဖော်စပ်ရောင်းချလျက်ရှိပါသည်။
စကောထမင်း
ချင်းလူမျိုးတို့သည် ယခင်နှစ်ပေါင်းများစွာတိုင် စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ မျှဝေမှု နှင့် ချစ်ခင်မှုများကို ဖော်ကျူးသည့်အနေဖြင့် စကောဝိုင်းကြီးထဲတွင် ထောင်းထားသည့်ထမင်း၊ ကြက်သားပြုတ်/သုတ်များ၊ ဝက်သားပြုတ်များ၊ နွားနောက်သားချက်များ စသည့် ဟင်းလျာများ နှင့် ငရုတ်သီးထောင်းများ ရောပုံ၍ စားသောက်လေ့ရှိကြပါသည်။
နွားနောက်သားစတိတ် (သို့) နွားနောက်သားအကင်
ဟားခါးဒိုးနတ်
ဟားခါးဒိုးနတ်သည် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကျော်ကြားဆုံးနှင့် အရသာရှိဆုံး ဒေသထုတ် အစားအစာ ဖြစ်ပါသည်။ ချင်းဒိုးနတ်သည် ဂျုံ၊ သကြားနှင့်ကြက်ဉကို အဓိကထား၍ ပြုလုပ်ပါသည်။ ဟားခါးဒိုးနတ် ပြုလုပ်နည်းကို ချင်းပြည်နယ်တွင် နောက်ဆုံးရောက်ရှိခဲ့သော အင်္ဂလိပ်နိုင်ငံသား ခရစ်ယာန်သာသနာပြုဆရာတော်နှင့် ၎င်း၏ အမျိုးသမီး (Carson & Laura)တို့က အမွေအနှစ်အနေဖြင့် သင်ပေးခဲ့သော ပညာဖြစ်ပါသည်။ ဟားခါး ဒိုးနတ်ကို ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၊ ဟားခါးနှစ်ခြင်းအသင်းတော်အနီးတွင် ပြုလုပ်ရောင်းချလျက်ရှိပါသည်။
ချင်းထမနဲ (စာထလွက်)
ချင်းထမနဲ (စာထလွက်) ကို ရှေးအခါက ချင်းအမျိုးသားနေ့ကဲ့သို့သော ချင်းရိုးရာပွဲများ၊ ရာသီအလိုက် ကျင်းပသော ပွဲများ၊ လက်ထပ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အဓိကသုံးဆောင်သော ရိုးရာအစားစာဖြစ်သည်။ ဝက်သားကို နူးနေအောင်ပြုတ်၍ ဆယ်ယူပြီး ကျန်သောဝက်သားရည်ဖြင့် ဆန်၊ ကောက်ညှင်းတို့ကိုချက်ပြုတ်ပြီး စေးကပ်နေစေရန် ယောက်မဖြင့် မရပ်မနားမွှေ၍ ရရှိလာသော ထမနဲကို ငှက်ပျောခွက်တွင်ထည့်၍ ဝက်သားဖြင့် သုံးဆောင်ကြသည်။ ယခုအခါ ချင်းအမျိုးသားနေ့ နှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပရာတွင်သာ ချင်းထမနဲထိုးကြသည်။
ဝက်သားဆပ်နီဟင်း
ချင်းပြည်နယ် မင်းတပ်မြို့၏ ရိုးရာဖြစ်သော ဝက်သားဆပ်နီဟင်းမှာလည်း နာမည်ကြီးပါသည်။ ဆပ်နီကို ခေါင်တစ်ခုထဲ၌ သုံးခြင်းမဟုတ်ဘဲ အမှုန့်အဖြစ်ကြိတ်ကာ ဝက်သားနှင့်ရော၍ ချက်ပြုတ်ထားခြင်းဖြစ်ပါသည်။ အရသာကောင်း၍ အာဟာရပြည့်စုံလှသော ဟင်းတစ်မျိုးဖြစ်ပါသည်။ အောက်ဖော်ပြပါ စားသောက်ဆိုင်တွင် စားသုံးနိုင်ပါသည်-
ချင်းခေါင်ရည်
ချင်းရိုးရာခေါင်ရည်သည် ဆပ်၊ ဆန်၊ ကောက်ညှင်းဆန်များဖြင့် ရိုးရာနည်းအရ ပြုလုပ်သောခေါင်ရည်ဖြစ်ပါသည်။ ချင်းရိုးရာခေါင်ရည်သည် ချိုမြပြီး၊ နောက်ပိုင်းအနည်းငယ်ချဉ်သော အရသာရှိပါသည်။ စပျစ်ရည်၊ သံပုရာရည်တို့နှင့် ရောစပ်ထားသော ယမကာနှင့် အနည်းငယ်အရသာတူပြီး ချင်းရိုးရာဓလေ့တွင် ချင်းခေါင်ရည်သည် အဓိကကြသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ချင်းရိုးရာအရ အိမ်ရှင်ဖြစ်သူမှကြိုဆိုဂုဏ်ပြု၍ ခေါင်ရည်တိုက်သောအခါ ဧည့်သည် အနေဖြင့် မငြင်းဆန်ပဲသုံးဆောင်ခြင်းသည်လည်း ဂုဏ်ယူစရာ အလေ့အထတစ်ခုဖြစ်ပြီး ကျင်းပလေ့ရှိသည့် ပွဲတော်တိုင်းတွင် ခေါင်ရည်သည် မဖြစ်မနေပါရှိသော အရာတစ်ခုဖြစ်ပါသည်။