Travel Chin State

Official Tourism Information

ချင်းပြည်နယ် တီးတိန်မြို့မှ
ကြိုဆိုပါ၏

တီးတိန်မြို့

တီးတိန်မြို့သည် ချင်းပြည်နယ်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ တီးတိန်မြို့ကို Sakollam, Myoma, Lawibual, Leium စသည့် အဓိက ရပ်ကွက်ကြီးလေးခုဖြင့် ဖွဲ့စည်းထားသည်။ တီးတိန်မြို့နယ်တွင် လဲန်နူးပါးတောင်၊ သမိုင်းဝင် ကနေဒီတောင်၊ ရှာလ်းလုံခံတပ် အစရှိသည့် လေ့လာစရာနေရာများ၊ ဂူများ၊ တောင်များနှင့် ဆွဲဆောင်မှုရှိသည့် နေရာများစွာရှိပြီး တောင်တက် ခြင်းအား နှစ်သက်သောသူများအတွက် နာမည်ကြီးသော မြို့ဖြစ်ပါသည်။

အသုံးဝင်သော စကားလုံးများ​

စိတ်ဝင်စားဖွယ်ရာ နေရာများ

ဘွာလ်နဲလ်တောင်(ခ)လဲန်နူးပါးတောင်

နာမည်ကျော် အသည်းပုံ ရိဒ်ရေကန် တည်ရှိရာ ရိဒ်ခေါဒါရ်မြို့မှ မိုင်(၂၀) ကျော်ခန့် ကွာဝေးသော ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင် Buannel @ Len Nupa သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ် နယ်စပ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၈၂၂၆ပေမြင့်သော တောင်ဖြစ်ပါသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် အထီးတောင် (apa) နှင့် အမတောင် (Len Nupa) (သို့မဟုတ်) နတ်သမီးတပါး လဲလျောင်းနေသလို ဟူ၍ ခွဲခြားတည်ရှိပါသည်။ ဘွာလ်နဲလ်တောင်၏ တောင်ရှင်မလေးထိန်းကျောင်းသော သားရဲတိရိစ္ဆာန်မျိုးစုံတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကျက်စားရာမြေဟု ဒဏ္ဍာရီ ပုံပြင်များလည်းရှိသောတောင် ဖြစ်ပါသည်။ ထို့အပြင်ဒီစားကျက်မြေမှာ(ကျောက်ထပ်) ကျောက်ပြားများတခုနှင့် တခုထပ်နေတာတွေရှိပြီး စမ်းသပ်ကြည့်လိုသူများအနေဖြင့် ဒီကျောက် ထပ်တွေကို အမှတ်အသားထားကာ တခုခုနဲ့ခွဲပြီးအဝေးတနေရာမှာထားလိုက်မည်ဆိုလျှင် များမကြာမီပြန်ရောက်နေပြီးသွားပြန်ကြည့်တဲ့အခါထပ်လျက် ပြန်တွေ့ကြတယ်လို့ပြောကြတယ်။ တောင်ပေါ်ရှိ စားကျက်မြေသည် ချင်းသီချင်းစာ၊ ကဗျာများတွင် ပါဝင်သော နေရာတခုဖြစ်ပြီး ရှေးဘိုးဘွားများ၏ မူလဖြစ်တည်ရာ နေရာဟု ယုံကြည်ကြသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် ရောင်သွေးစုံလင်ချင်းတို့မြေမှ အထင်ကရနေရာတစ်ခု လည်းဖြစ်ပါသည်။ တောင်ပေါ်တွင် ကျေးငှက်ကလေးများ ဝဲပျံတွန်ကျူးများနှင့် အနီးအနား ပျံသန်းဝဲနေမှုကို မြင်တွေ့ရခြင်း၊ နွားနောက် စားကျက်မြေအား မြင်တွေ့ရခြင်း၊ သဘာဝ အအေးဓာတ်ကို ရရှိခံစားခြင်း၊ မျက်စိပသာဒအလွန်ကောင်းခြင်း၊ စိတ်တိုင်းကျ ဓာတ်ပုံများ ရိုက်ခွင့်ရခြင်း၊ မောပန်းသော်လည်းသစ်ပင်ကြီးများ အရိပ်ကြောင့် ခရီးသွားများ အမောခံနိုင်ခြင်း၊ ဒေသခံများမှ ချက်ပြုတ်ပေးထားသော ထမင်း/ဟင်းများအား အရသာရှိစွာ စားသုံးနိုင်ခြင်း၊ တစ်တောင်လုံး အဖြူ၊ အနီ၊ အပြာ အစရှိသည့် တောင်ပေါ်ပန်းနှင့် တောင်ဇလပ်ပန်းတို့ဖြင့် ရာသီအလိုက်လှပစွာ ဝေဝေဆာဆာ ဖူးပွင့်နေကြပါသည်။ ကမ္ဘာမှာရှားပါးလှတဲ့မျိုးစိတ်တခုဖြစ်တဲ့လည်ပင်းဖြူလဒငှက်ကြီး မျိုးတွေရှင်သန်နေထိုင်ရာများထဲကတခုလည်းဖြစ်တယ်လို့သိရပါတယ်။ တောင်ပေါ်ရှိ မြက်ခင်းပြင်ကို တောင်ထိပ်ဖျား ၁၀လုံးက စက်ဝန်းပုံသဏ္ဍာန် ကာရံထားပြီး မြက်ခင်းအလယ်မှာ တောစမ်းချောင်းငယ်လေးတစ်ခု စီးဆင်းလျှက်ရှိသည်။ ၎င်း ချောင်းရေသည် ရှေးယခင် အမဲလိုက်မှုကြောင့် ဒဏ်ရာရရှိသော တရစ္ဆာန်များအတွက် ကုသနိုင်သော ဆေးဖက်ဝင် ရေဖြစ်ကြောင်း သိရသည်။ ထို့အပြင် ချောင်းရေထဲတွင် သစ်ရွက်များ၊ အမှိုက်များ ကျပါလျှင်လည်း ငှက်ကလေးများက ဆယ်ယူကြသည်။ ဘွာလ်နဲလ်တောင် (ခ) လဲန်နူးပါးတောင်သည် ဧပြီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် လာရောက်လည်ပတ်ရန် အသင့်ဆုံးချိန်ဖြစ်ပြီး ဖလမ်းမြို့ (သို့မဟုတ်) တီးတိန်မြို့ မှတဆင့် လမ်းကြောင်းနှစ်ခုဖြင့် သွားရောက် လည်ပတ်နိုင်ပြီး တောင်ခြေရှိမွန်လွှကျေးရွာနှင့် လမ်းပြများ ငှားရမ်းခြင်းနှင့် အစားအသောက်များ တည်ခင်းရေး ပြင်ဆင်ပေးနိုင်ခြင်းနှင့်အတူ ကျေးရွာ၏ လူနေမှု ဓလေ့စရိုက်များနှင့် သဘာဝဝအလှတရားမျာ ခံစားလေ့လာနိုင်ပါသည်။

သမိုင်းဝင် ရှာလ်လုမ်ခံတပ်

လေ့လာဖွယ်ရာ ခံတပ်မှာ ရှာလ်လုမ်ခံတပ်သည် တီးတိန်မြို့နယ်၊ ဝေါ့လာဲက် ကျေးရွာအနီး ဝေါ့လာဲက်- ထုတ်လှိုင်လမ်းမကြီးမှ ၄ ဖာလုံ အကွာတွင် တည်ရှိပါသည်။ ၁၈၈၈ခုနှစ်၊ ဗြိတိသျှတို့၏ နယ်ချဲ့စစ်တွင် သမိုင်းဝင် စစ်နယ်မြေဖြစ်ပြီး မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့တော်လှန်ရေးသမိုင်းတွင်လည်း ဒုတိယအထင်ရှားဆုံးနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံး ခံတပ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါသည်။ ချင်းတော်လှန်ရေးရဲဘော်များအပြင် ရဲစွမ်းသတ္တိပြည့်ဝသည့် ချင်းအမျိုးသမီးရဲမေများပါ ရရာလက်နက်ဆွဲကိုင်ကာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့သည့် ခံတပ်ဖြစ်ပါသည်။ ရှာလ်လုမ်းခံတပ်သည် ၂.၇၅၅ဧက အကျယ်အဝန်းရှိပြီး ၎င်းစစ်မြေပြင်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် သူရဲကောင်း မျိုးချစ်စိတ်ရှိသူများ တည်ရှိရာ နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ခံတပ်၏ အောက်ပိုင်းတွင် မြစ်ချောင်းများ၊ စမ်းချောင်းများနှင့် ရှည်လျားမတ်စောက်သော ကမ်းပါးယံများလည်း ရှိပါသည်။ ကတုတ်ကျင်းများအားလုံး၏ အပေါ်တွင် ကျောက်တုံးကြီးများ၊ သစ်တုံးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ မြေသားများဖြင့် ရန်သူများမှ လွယ်ကူစွာ မမြင်တွေ့နိုင်ရန်အတွက် ဖုံးကွယ်ထားပါသည်။ ယခုအခါ ခံတပ်သည် နှစ်(၁၂၀)ကျော်သက်တမ်းရှိပြီဖြစ်ပါသည်။ အဆိုပါ ခံတပ်တွင် ဗုံးခိုကွင်းကြီး ကတုတ်ကျင်း ၃ခု၊ ကတုတ်ကျင်းလေးများ၊ ကင်းစင်များနှင့် ဂုဏ်ပြုကမ္ဗည်းကျောက်စာ များကိုလည်း လေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသမိုင်းများကို လေ့လာမှတ်သားရန် လိုအပ်သည့်တွက် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်…….

ကနေဒီတောင်

ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး၊ ကလေး-တီးတိန် လမ်းမကြီးကို လွှမ်းမိုးထားသော ၂,၇၀၃ မီတာအမြင့်ရှိ တောင်အထွက်အထိပ်ဖြစ်ကာ  ၎င်း၏ မြက်ခင်းပြင် ကျယ်ပြန့်ကောင်းမွန်သည့် တောင်တန်းအဖြစ် လူသိများပါသည်။ ၎င်း၏ မဟာဗျူဟာကျသော တည်နေရာ မြင်ကွင်းကြောင့် ဒုတိယ ကမ္ဘာစစ်အတွင်း Subeder Ram Sarup Singh သည် Victoria Cross ဆုတံဆိပ်ချီးမြှင့်ခံရသော စစ်ပွဲကောင်းများလုပ်ဆောင်ခဲ့သည့် နေရာဖြစ်သည်။ ကနေဒီတောင်ကို မော်တော်ယာဉ်ဖြင့် ရောက်နိုင်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ၄နာရီခန့် မောင်းနှင်ရပါသည်။

ခိုင်ကမ်းဆင်စခန်း

ချင်းပြည်နယ်ရှိ “ခိုင်ကမ်းဆင်စခန်း”သည် ကလေး – ခိုင်ကမ်း – တီးတိန် လမ်းမကြီးအနီးတွင် တည်ရှိပါသည်။ ကလေးမြို့မှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး ခိုင်ကမ်းမြို့မှ ၆ မိုင်အကွာတွင် တည်ရှိပါသည်။ လာရောက်လည်ပတ်သည့် ဧည့်သည်များအနေဖြင့် ဆင်များအား ရေချိုးပေးခြင်း၊ ဆင်များ၏ သဘောသဘာဝအား လေ့လာနိုင်ခြင်း၊ ဆင်စီးခြင်း၊ ဆင်များအား အစာကျွေးခြင်း၊ ဆင်ပေါ်တွင် ပုခက်ကဲ့သို့ အဆင်တန်ဆာများ တပ်ဆင်ခြင်းများအား လေ့လာခြင်း၊ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်း၊ လက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ဒေသအစားအစာများအား စားသုံးခြင်းစသည့် ဝန်ဆောင်မှုများအား ရရှိနိုင်ပါသည်။

ပိမ်းပိကျေးရွာ

ပိမ်းပိကျေးရွာသည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင်တည်ရှိပါသည်။ ခိုင်ကမ်းမြို့မှ မြောက်ဘက်တွင် တည်ရှိသော ၁၅မိုင်ခန့်အကွာတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ( ၃၅၅၄ )တွင် ရှိပါသည်။ ဒေသခံပြည်သူများ၏ ဧည့်ဝတ်ကျေပွန်မှု၊ ရိုးရာဓလေ့များ၊ ရိုးရာသီချင်းများ သာယာလှသော ကျေးရွာအခြေအနေများကြောင်း ခရီးသွား ဧည့်သည်များအကြား ရေပန်းစားလျက်ရှိပါသည်။ ပိမ်းပိကျေးရွာသို့ စစ်ကိုင်းဒေသကြီး ကလေးမြို့မှ ခိုင်ကမ်း ပိမ်းပိကျေးရွာလမ်းကြောင်းအတိုင်း လာရောက် လည်ပတ်နိုင်ပါသည်။ ပိမ်းပိကျေးရွာသည် ချင်းပြည်နယ်တွင် ဒုတိယ အမြင့်ဆုံး တောင်ဖြစ်သည့် ကနေဒီတောင်၏ တောင်ခြေတွင်ရှိသောကြောင့် တောင်တက်ခရီးစဉ်များ၊ ကျေးရွာနှင့်မနီးမဝေးတွင်ရှိသော ကျောက်ဂူများ၊ ကနေဒီတောင်မှ အဆင်းတွင် ရှားလုမ်းခံတပ်ကိုလည်း ဝင်ရောက် လေ့လာနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပိမ်းပိကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိပြီ ကျေးရွာအနေဖြင့် ကူညီပံ့ပိုးမှုများစွာ ဆက်လက်လိုအပ်နေဆဲဖြစ်ပါသည်။

ရှောင်စောန်းကျေးရွာ

သမိုင်းဝင် ရှောင်စောန်း ရိုးရာယဉ်ကျေးမှု စံပြကျေးရွာသည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် အရှေ့ဘက်တွင် တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၂၅၅တွင် တည်ရှိသောကြောင့် အေးချမ်းသည့် ရာသီဉတုကို ခံစားနိုင်ပြီး ထင်းရှူးရိပ်များ၊ ပန်းအလှများနှင့် လှပတင့်တယ်နေသော ရွာလေးတစ်ရွာဖြစ်ပါသည်။ စုစုပေါင်း အိမ်ခြေ(၉၀) ဝန်း ကျင်၊ လူဦးရေ(၃၀၀)ကျော် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုယက္ကန်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပါသည်။ ရှောင်စောန်း၏အဓိပ္ပါယ်မှာ “အသန့်ရှင်းဆုံး”ဖြစ်ပြီးအမည်နှင့်အတူ သပ်ရပ်မှု၊ သန့်ရှင်းမှုရှိသော ရွာဖြစ်ပါသည်။ ချင်းအမျိုးသား၊ အမျိုးသမီး ရုပ်တုများ၊ ချင်းရိုးရာ ကျောက်တိုင်များ၊ ကျေးရွာ၏ စံပြကျောက်တိုင် စသည်တို့ကို တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကိုးကွယ်မှုအကြောင်း၊ ကျောက်သင်ပုန်းဖြင့် မိုးထား သည့် ချင်းအိမ်များအကြောင်း၊ ဆင်စွယ်ဆင်ရိုး၊ ခရု၊ ကမာများကို မည်သို့ ရှာဖွေပုံများကို ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ရှင်းလင်းပြသခြင်းတို့ကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။

ဆွောင်းဆွောင်(Suang Suang)ကျောက်ဆောင်

တီးတိန်မြို့(၉)မိုင်ခန့်အကွာ ဒွန်လွီး ( Dawn Lui )၊ ဘဲလ်တန်လွီး ( Bel Tang Lui )နှင့် ဇလွီး ( Za Lui ) ချောင်းတို့ ဆုံရာဒေသ အရှေ့မြောက်ဘက်၌ တည်ရှိပါသည်။ ဆွောင်းဆောင်း ( Suang Suang ) ကျောက်ဆောင်၏ အဓိပ္ပါယ်မှာ ဆွောင်း ( Suang ) ကို ကျောက်၊ ဆွောင် ( Suang ) ကို ထပ်၊ ကျောက်များထပ်နေသည့် ကျောက်ဆောင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ ဆွောင်းဆွောင် ( Suang Suang ) ကျောက်ဆောင်၏ အောက်ခြေအကျယ်အဝန်းမှာ( ၄ )ဧကခန့် ကျယ်ဝန်းပြီး အမြင့်သည် ခန့်မှန်း( ၈၀၀ )ပေခန့် ရှိကာ ထိပ်ပိုင်းအကျယ်အဝန်းမှာ လူအယောက် ( ၂၀ )ခန့် ထိုင်၍ ရနိုင်ပါသဖြင့် ( ၂၀ )ပေ ပတ်လည်ခန့် ကျယ်ဝန်းမည် ဖြစ်ပါသည်။ ယင်းကျောက်ဆောင်၏ ထူးခြားချက်မှာ ကျောက်ဆောင်ကြီး၏ အပေါ်တွင် ကျောက်စည်ကြီးရှိခြင်းပင် ဖြစ်ပါသည်။ ၎င်း ကျောက်စည်ကြီးကို လက်ဖြင့် ထုမည်ဆိုပါက ကျောက်စည်ကြီးသည် ဗုံစည်သံကဲ့သို့ အသံမြည်သွားပါသည်။

ဆိုင်းဇန်ကျေးရွာ နှင့် ဆိုင်းဇန်စော်ဘွားစံအိမ်

ဆိုင်းဇန်ကျေးရွာသည် ချင်းပြည်နယ်၊ တီးတိန်မြို့၏ တောင်ဘက် (၇)မိုင်ခန့်အကွာတွင်တည်ရှိပြီး တီးတိန်မြို့နယ်အတွင်း ရှေးအကျဆုံး ကျေးရွာလည်းဖြစ်ပါသည်။ ဆိုင်းဇန်ကျေးရွာကို ၁၅၀၆ ခုနှစ်တွင် ပူမာန်ဆူမ်းဆိုသူက စတင်တည်ခဲ့သည့် ကျေးရွာဖြစ်ပြီး ဆိုင်းဇန် မျိုးနွယ်စု(၁)စုသာ နေထိုင်လျှက်ရှိပါသည်။ အဆိုပါကျေးရွာရှိ စော်ဘွားစံအိမ်သည် ၁၉၁၀ ခုနှစ်တွင် ပူဒိုတွာလ်မှ စတင် တည်ဆောက်ခဲ့ပြီး အလျား ၇၂ ပေ ၊ အနံ ၃၁ ပေ ရှိပါသည်။ ၁၉၂၄ ခုနှစ်တွင် ပူထောင်ဇခုပ်မှ စံအိမ်ကြီးအား တိုးချဲ့ ဆောက်လုပ်ခဲ့ရာ အပြင်ဖက်တွင် အလျား ၄၂ ပေ၊ အနံ ၂၆ ပေရှိသည့် ကာသာပင် (Inn Ka) ရှိပါသည်။ ယခုအခါ စံအိမ်ကြီးမှာ နှစ်တစ်ရာပြည့်လုနီးပါးဖြစ်၍ ကျေးရွာတွင် သက်တမ်းအရှည်ဆုံးအဖြစ် ကျော်ကြားပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်သည့် သမိုင်းဝင် အိမ်ကြီးဖြစ်သည့်အပြင် ပူထောင်ဇခုပ်သည် ပင်လုံစာချုပ်တွင် တီးတိန်မြို့နယ် ကိုယ်စားပြုအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သော ကိုယ်စားလှယ်တစ်ဦးဖြစ်ပါသည်။ အဆိုပါအိမ်ကြီးသည် ရှေးယခင် ချင်းစော်ဘွားများ၏ ထုံးတမ်းဓလေ့များကိုလည်း ထင်ဟပ်စေတဲ့အတွက် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်…..