Travel Chin State

Official Tourism Information

ရိုးရာယဉ်ကျေးမှုနှင့်ဖျော်ဖြေရေး

ချင်းပြည်နယ်၏ ရိုးရာ ဂျတ်ခုတ်လုပ်ငန်း

ချင်းပြည်နယ်ရှိ အမျိုးသမီးများအားလုံးသည် ရာစုနှစ်များစွာကတည်းကပင် ချင်းရိုးရာ ဂျတ်ခုတ်လုပ်ငန်းကို ဝါစိုက်လုပ်ခြင်းမှစ၍ ချည်ငင်ခြင်းနှင့် ချည်အရောင်ဆိုးခြင်းစတဲ့ လုပ်ငန်းတစ်ခုလုံး အထည်ရက်လုပ်ပြီးစီးသည်အထိ အစမှအဆုံးအထိ လုပ်ကိုင်လျက် ရှိကြပါသည်။ ချင်းရိုးရာ ယက်ကန်းရက်လုပ်ခြင်းအနေဖြင့် ရိုးရာဓလေ့နောက်ကျောဘက်တွင် ကြိုးဆွဲကာ ရက်လုပ်ကြပါသည်။ အင်္ကျီ၊ တဘက်နှင့် စောင်များသည် ရက်လုပ်ရာတွင် ဒီဇိုင်း အကွက်များအပေါ် အဓိကမူတည်ပြီး ရိုးရာဝတ်စုံတစုံ ရက်လုပ်ပြီးစီးရန် အချိန် ( ၃ ) လခန့် ကြာရှည်ပါသည်။ ကြယ်သီး များ၊ ပုတီးလုံးများ၊ ကြွေစေ့များအား ရိုးရာဝတ်စုံကို အလှဆင်ရန် အသုံးပြုကြပါသည်။ 

ချင်း အမျိုးသမီးများနှင့် ဂုဏ်ယူဖွယ် ပါးရဲထိုးခြင်းဓလေ့

ချင်းပြည်နယ်ရှိ လူနည်းစုဖြစ်သော ချင်းအမျိုးသမီးများသည် ပါးရဲထိုးခြင်းရိုးရာကြောင့် လူသိများပြီးအဆိုပါရိုးရာသည် ချင်းအမျိုးသမီးများ၏ သတ္တိရှိခြင်း၊ လှပခြင်း နှင့် သန်မာခြင်းတို့ကို ရည်ညွှန်းပါသည်။ ပါးရဲထိုးခြင်းအတွက် အသုံးပြုသော အပ်ကို များသောအားဖြင့် ဝါးဆူး(သို့) သစ်ပင်၏ အဆူးတစ်ခုခုဖြင့် အသုံးပြုကြပြီး မှင်ရည်အတွက် ကျပ်ခိုး၊ ဘောက်သီး နှင့် အရွက် ညှစ်‌ရည်များ ရောနှောကာ ပါးရဲထိုးလေ့ရှိပါသည်။ ရှေးယခင် မိရိုးဖလာအစဉ်အလာအရ ချင်းအမျိုးအမီးအများစု၏ မျက်နှာပေါ်တွင် ပါးရဲထိုး လေ့ရှိကြပြီး ပါးရဲထိုးထားသည့်အမျိုးသမီးသာလျှင် မိန်းမပီသသည်ဟုယူဆကြပါသည်။ သို့သော်လည်း ချင်းအမျိုးသမီးတိုင်း ပါးရဲထိုးခြင်းမရှိကြပါ။ ပါးရဲထိုးထားသော ချင်းအမျိုးသမီးများကို မင်းတပ်၊ ကန်ပက်လက် နှင့် ပလက်ဝမြို့နယ်များတွင်တွေ့ရပြီး လူမျိုးစုအလိုက်ပါးရဲပုံစံများ ကွဲပြားကြ ပါသည်။

 

ပါးရဲထိုးထားသော ချင်းအမျိုးသမီးများနှင့် ပတ်သက်ပြီး အတွေ့အကြုံနှင့် တွဲရိုက်ထားသောဓာတ်ပုံ ရှိရင်လည်း မျှဝေပေးပါအုံးနော်……

 

ချင်းရိုးရာဝါးညှပ်အက

ချင်းရိုးရာအကသည် ချင်းလူမျိုးတို့၏ အရေးပါသော လူနေမှုဘဝတွင် ပါဝင်ပြီး ရာသီအလိုက် ပျော်ပွဲရွှင်ပွဲများ၊ ဈာပန အခမ်းအနားများ၊ အမျိုးသားနေ့ကဲ့သို့သော ပွဲတော် များအလိုက် ချင်းရိုးရာ အကကို ကလေ့ရှိကြပါသည်။ ဝါးညှပ်အကကို အရှေ့တောင်အာရှ တစ်ဝန်းလုံးတွင် တွေ့ရှိရသော်လည်း ချင်းရိုးရာဝါးညှပ်အကသည် ၎င်း၏ ရိုးရာ ပုံသဏ္ဍာန်နှင့် ကပုံကနည်းများမှာ တမူထူးခြား လျက်ရှိပါသည်။

ဝါးဂီတ (TING TENG)

ချင်းစကားဖြင့် Ting Teng ဟုခေါ်သော ဝါးဂီတသည်  ချင်းပြည်နယ်တောင်ပိုင်း ကျေးရွာများတွင် ဘိုးဘေးခေတ် ကတည်းက စတင်တီးခတ်ခဲ့ကြသော ရိုးရာဂီတ တစ်မျိုး ဖြစ်သည်။ Ting Teng ကို  တင်းဝါးလုံးဖြင့် ပြုလုပ်အပြီးမှာ ဖွီ၊ ပန်းခိုး၊ လတ်ချို၊ ပိုက်ပိုလိုနှင့် လိတ်လေးဆေဟွေးဟူ၍ သံစဉ်(၅)မျိုးရှိပါသည်။ရှေးခေတ်လုံယူးပွဲနှင့်ပျော်ပွဲရွှင်ပွဲများ တွင်လည်းကောင်း၊ လူငယ်များ အသုဘအိမ်တွင် တစ်ပါတ် (သို့)နှစ်ပတ် စုဝေးနေကြချိန် လရောင်အောက်တွင် လည်းကောင်း Ting Tengကို တီးခတ်ခဲ့ကြသည်။ 

နှာခေါင်းပုလွေ

ချင်းပြည်နယ်တွင် များပြားဆန်းပြားသည့် တေးဂီတများ ရှိသည့်အနက် ချင်းပြည်နယ် တောင်ပိုင်းရှိ နှာခေါင်းဖြင့် ပုလွေမှုတ်ခြင်းသည် မြန်မာနိုင်ငံတွင်သာမကကမ္ဘာအနှံ့တွင် နာမည်ကြီးသည့် တေးဂီတ တစ်မျိုးဖြစ်ပါသည်။ ပွဲလမ်း သဘင်များ ကျင်းပရာတွင်သာမက တောင်ယာစောင့်သည့် အချိန်များတွင်လည်း တီးမှုတ်လေ့ရှိကြပါသည်။ ပွဲလမ်း သဘင်တွင် တီးမှုတ်သည့် သံဇဉ်၊ အသုဘပွဲတွင် တီးမှုတ်သည့် သံဇဉ်နှင့် အချစ်အား သီကျူး၍ တီးမှုတ်သည့် သံဇဉ်များ ကွဲပြားကြပါသည်။

ချင်းရိုးရာခေါင်ရည်(ဆပ်နီခေါင်ရည်)

ချင်းရိုးရာခေါင်ရည်သည် ဆပ်၊ ဆန်၊ ကောက်ညှင်းဆန်များဖြင့် ရိုးရာနည်းအရ ပြုလုပ်သော ခေါင်ရည်ဖြစ်ပါသည်။ ချင်းရိုးရာခေါင်ရည်သည် ချိုမြပြီး၊ နောက်ပိုင်း အနည်းငယ်ချဉ်သော အရသာရှိပါသည်။ စပျစ်ရည်၊ သံပုရာရည်တို့နှင့် ရောစပ်ထားသော ယမကာနှင့် အနည်းငယ်အရသာတူပြီး ချင်းရိုးရာဓလေ့တွင် ချင်းခေါင်ရည်သည် အဓိကကြသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ချင်းရိုးရာအရ အိမ်ရှင်ဖြစ်သူမှ ကြိုဆိုဂုဏ်ပြု၍ ခေါင်ရည်တိုက်သောအခါ ဧည့်သည် အနေဖြင့် မငြင်းဆန်ပဲ သုံးဆောင်ခြင်းသည်လည်း ဂုဏ်ယူစရာ အလေ့အထတစ်ခုဖြစ်ပြီး ကျင်းပလေ့ရှိသည့် ပွဲတော်တိုင်းတွင် ခေါင်ရည်သည် မဖြစ်မနေပါရှိသော အရာတစ်ခုဖြစ်ပါသည်။

အောက်ချင်းငှက်​

အောက်ချင်းငှက်သည် ချင်းပြည်နယ်အတွင်း နေထိုင် ကျက်စားသော ငှက်မျိုးများဖြစ်ပါသည်။ အထီးနှင့်အမ စုံတွဲ အတူတကွ နေထိုင်လျက်ရှိပြီး ယင်းတို့၏ သစ္စာရှိမှုနှင့် မေတ္တာတရား ခိုင်မြဲမှုများအတွက် လေးစားဂုဏ်ပြုရသော ငှက်များဖြစ်ပါသည်။ ထို့ကြောင့် ချင်းလူမျိုးတို့၏ သစ္စာရှိပုံ၊ ရဲစွမ်းသတ္တိရှိပုံကို အောက်ချင်းငှက်ဖြင့် ဖော်ကျူး၍ ချင်းပြည်နယ်၏ ပြယုဂ်အနေဖြင့် အသုံးပြုကြပါသည်။

နွားနောက်

နွားနောက်သည် ချင်းလူမျိုးတို့အတွက် အလွန် အရေးပါသော တိရစ္ဆာန်ဖြစ်သည်။ နွားနောက်ကို စိုက်ပျိုးမြေ ဧရိယာများနှင့် ဝေး၍ တောတောင် ထူထပ်သော နေရာများတွင် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြပါသည်။ ရှေးအခါက ချင်းလူမျိုးများ၏ ဓလေ့တွင် ချမ်းသာ ကြွယ်ဝမှုကို နွားနောက် ပိုင်ဆိုင်မှုဖြင့် တိုင်းတာ လေ့ရှိခဲ့ကြသည်။

မျက်ခုံးဖြူ ငှက်ပြာခြောက်

မျက်ခုံးဖြူ ငှက်ပြာခြောက်သည် ( Sittavictoriae ) မျိုးစိတ်ထဲမှ ( nuthatch ) အမျိုးအစားငှက်ဖြစ်ပါသည်။ မျိုးတုံးပျောက်ကွယ်လို့နီးပါးဖြစ်သည့် ရှားပါး ငှက်မျိုးစိတ် ဖြစ်ပါသည်။ အပူပိုင်းသမဇုန်နှင့် အပူပိုင်းစိုစွတ်ပြီး တောင်ထူထပ်သော နေရာတွင် နေထိုင်ကြသော ငှက် အမျိုးအစားဖြစ်ပါသည်။ တနည်းအားဖြင့် ဝက်သစ်ချပင်နှင့် တောင်ဇလပ်ပင် ထူထပ်သော တောထဲတွင် နေထိုင်သည်ဟု ရည်ညွှန်းထားပါသည်။ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေ သော မျက်ခုံးမွှေးဖြူငှက်ပြာခြောက်ကို မြန်မာနိုင်ငံ၏ နတ်မတောင်(ခ)ခေါ်နူးစုမ် ဒေသတွင်သာ တွေ့ရှိနိုင်ပါသည်။ ငှက်ကြည့် ဝါသနာရှင်များအနေဖြင့် ချင်းပြည်နယ်ကို လာရောက် လည်ပတ်ပြီး ဓာတ်ပုံရိုက်ရုံသာမက ၎င်း၏ အလေ့အထများကိုပါ လေ့လာနိုင်မည်ဖြစ်ပါသည်။

လင်သဲမြေအိုး

ချင်းပြည်နယ်အတွင်းအထင်ရှားဆုံးမြေအိုးလုပ်ငန်းမှာ ဖလမ်းမြို့နယ်ရှိ လင်သဲရွာတွင် ပြုလုပ်ထားသော အိုးများကို ရွာအမည်အစွဲပြု၍ လင်သဲအိုး ဟုခေါ်ကြသည်။ မြေအိုး ပြုလုပ်ရာတွင် ခါရ်ဘုန်းခေါ် မြေတစ်မျိုးကို အသုံးပြုသည်။ ၎င်းမြေကို အနက်(၅)ပေ ခန့်မှ ရယူသည်။  ၎င်းမြေကို (၈)ပေအနက်မှ တူးသော ကျောက်ပျော့နှင့် ( ၂ : ၁ )ဖြင့် ရောပြီး ဆုံတွင် အမှုန့်ဖြစ်သွားသည်အထိ ထောင်းကြိတ်ပေးရသည်။ မြေအိုးကို ပုံစံသွင်းပြီးသည့်အခါ နေပူတွင် အခြောက်လှမ်းပြီး အိုးကျက်သွားသည့်အထိ မီးဖုတ်ရသည်။ မြေအိုးတစ်လုံးပြုလုပ်ရန် မြေကြီးယူ၍ အမှုန့်ထောင်းကြိတ်ချိန်မှ မီးဖုတ်၍ ကျတ်အောင် ပြုလုပ်ပြီးစီးချိန်အထိ (၄)ရက် ကြာသည်။ မြေအိုးပြုလုပ်ရာ လင်သဲကျေးရွာသည် ဖလမ်းမြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့် အကွာတွင် တည်ရှိသည်။

ပါန်းဂေါင်းကျောက်ဖျာ (ကျောက်တုံး သချိုင်းဂူများ)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ဒေသအခေါ် ပါန်းဂေါင်းဟု ခေါ်ဆိုသော ကျောက်ဖျာများကို ချင်းပြည်နယ်၊ တောင်းပိုင်းဒေသတွင် အများဆုံးတွေ့ရပါသည်။  ယနေ့ထိတိုင် ကြွင်းကျန်တည်ရှိနေသော ယင်းကျောက်ဖျာ(ကျောက်တုံး သချိုင်း ဂူများ)ကို လေ့လာသုံးသပ်ခြင်းဖြင့် လွန်လေပြီသော နှစ်ရာကျော်ကတည်းက တူညီသော ရှေးထုံးတမ်း ဓလေ့ကိုသာ ကျင့်သုံးခဲ့ကြသည်ကိုသိရှိနိုင်ပါသည်။ ရှေးခတ် နတ်ကိုးကွယ်မှုထွန်း ကားခဲ့စဉ်က ယုံကြည်သူများသည် မီးရှို့သဂြိုဟ်၍ အသုဘချသည့် နည်းကိုသာ ကျင့်သုံးခဲ့ကြသည်။ ကြွင်းကျန်သော အရိုးပြာများနှင့် မီးခဲအချို့ကို အရိုးအိုး(ခေါ်) Yu Am မြေအိုးထဲတွင် ထည့်ကြသည်။ အမျိုးသမီးဖြစ်လျှင် အရိုးပြာမီးခဲအချို့ကို မြေအိုးထဲထည့်ပြီး လုံအောင်ပတ်ရသည်။ ထို့နောက် သူမ၏ လက်ဝတ်ရတနာ၊ အဖိုးတန်ပစ္စည်းများကိုလည်း သံဆံထိုးညှပ်ထားသော ဆံပင်ကို အရိုးပြာအိုး အနောက်ဘက်ချထားလျက် ကျောက်ဂူသွင်းရသည်။ အမျိုးသား ဖြစ်လျှင်ကား အရိုးပြာ မီးခဲအချို့ကို မြေအိုးထဲထည့်၍ လုံအောင်ပိတ်ကာ ဆံထုံး နှင့်အတူ ကျောက်တုံးဂူ သွင်းကြသည်။ ထို့အပြင် ၎င်းတို့၏ အသုံးအဆောင်အဖိုးတန် ပစ္စည်းများကိုလည်း ဂူသွင်းကြသည်။ ဤပါန်းဂေါင်း ကျောက်တုံးသချိုင်းဂူကြီးများ အနီးအနားတွင်ပင် ပို၍ ရှေးကျသော ဟုတ်ခေါ် လူမျိုးများ၏ ဧရာမ ကျောက်တုံးသချိုင်းဂူကြီးများ (လုန်ဒဲရ့်/Lung Delh) တည်ရှိနေသေး၍ အလွန်ပင် စိတ်ဝင်စားသဖွယ် လေ့လာခွင့်ရရှိနိုင်သည်။

မွာလ်ဆွောင်း (ခေါ် )မော်ကွန်းကမ္ဗည်းကျောက်တိုင်

ချင်းလူမျိုးတို့တွင် မွာလ်ဆွောင်း ( ခေါ် ) မော်ကွန်းကမ္ဗည်း ကျောက်တိုင်များကို ရွာအဝင်အထွက် အကွက်အကွင်းကောင်းသည့် လမ်းနံဘေး၊ သဘာ၀ရှု့ခင်း ကောင်းသည့် နေရာများတွင် စိုက်ထူလေ့ရှိသည်။ မော်ကွန်းကမ္ဗည်း ကျောက်စာ ရေးထိုးရာတွင် စာပေမပေါ်ခင်ကပင် အရုပ်သင်္ကေတများဖြင့် ရေးထိုးခဲ့ကြသည်။ စာပေပေါ်လာပြီး စာတတ်မြောက်လာသည့်အခါ ကမ္ပည်းကျောက်စာတွင် အရုပ်နှင့် စာလုံးများတွဲ၍ ရေးဆွဲလာခဲ့သည်။ ယခုနောက်ပိုင်းတွင် အရုပ်အားဖြင့် ရေးဆွဲမှတ်တမ်းတင်ခြင်း မရှိတော့ဘဲ ချင်းစာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ် စာပေတို့ဖြင့် ရေးသားလာကြသည်ကို တွေ့ရှိရသည်။ 

ရှေးဟောင်း (ဗိုလ်တဲ)

         

           ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ခေါ်နူးစုမ်လမ်းမကြီးဘေးတွင် တည်ရှိပြီး ပခုက္ကူအရေးပိုင် R.Carant Brown ဦးဆောင်ပြီး တောင်ပိုင်းချင်းတောင်ခရိုင်မြို့တော် ဖြစ်လာမည့်     ကန်ပက်လက်မြို့ကို (၁၉၊ ဖေဖော်ဝါရီ၊ ၁၈၉၉)တွင် စတင် တည်ဆောက် ခဲ့ပါသည်။ ဤအဆောက်အဦးကိုလဲ ထိုအချိန်တွင် စတင်ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။ ဤအဆောက်အဦးသည် ယခုချိန်တွင် နှစ်ပေါင်း(၁၂၀) ကျော်ရှိခဲ့ပြီးဖြစ်သည်။ ယခင် လမ်းဉီးစီးဌာနနှင့် နတ်မတောင် အမျိုးသားဉယျာဉ်(ခေါ်နူးစုမ်)ဌာနတို့မှ ထိမ်းသိန်းခဲ့ပြီး ယခုအခါ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည် ပြုပြင်မွမ်းမံ၍ Visitor Awarenes Center အဖြစ် ဖွင့်လှစ်ထိန်းသိမ်းသွားမည်ဖြစ်သည်။

ခေါ်နူးစုမ်ပြခန်း

 

          ခေါနူးစုမ်ပြခန်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၁)ရပ်ကွက်၊ မြို့ပတ်ကားလမ်းအနီး ဒိုင်း(ရ်)ရပ်ကွက်တွင် တည်ရှိပါသည်။ ခရီးသွားများ ဆွဲဆောင်ရန် အတွက် ချင်းရိုးရာအမွေအနှစ်များထုပ် ဖော်ပြသနိုင်ရန် (၂၀၁၇ခုနှစ်)တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ဤပြခန်းတွင် နှာခေါင်းဖြင့် ပုလွေမှုတ်သော အဖွား(ဒေါ်ဘွေ့ထန်း)နှင့် အဖိုး(ဦးထန်းနိုင်း)တို့မှ ရိုးရာသံဇဉ်များဖြင့် ကပြဖျော်ဖြေခြင်း၊ ချင်းရိုးရာပစ္စည်းများအား လေ့လာခြင်း၊ မတူကွဲပြားသော ချင်းရိုးရာဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ခြင်း နှင့် ရိုးရာမြှားပစ်ခြင်းများကို ပြုလုပ်ခံစားနိုင်ပါသည်။

"ကောလောင်း”ရေတံခွန်

” ကောလောင်း”ရေတံခွန်သည် ကန်ပက်လက်မြို့မှ ၃မိုင် ၅ဖာလုံခန့်အကွာအဝေးတွင် တည်ရှိပြီး (၃)နာရီခန့် ခြေလျင်လမ်း လျောက်သွားနိုင်သကဲ့သို့၊ ဆိုင်ကယ်ကယ်ရီဖြင့်လည်း လွယ်လင့်တကူ သွားရောက်လည်ပတ် အပမ်းဖြေနိုင်ပါသည်။ Trekking ကိုစိတ်ဝင်စားသည့် ခရီးသွားများအတွက် လမ်းတစ်လျောက်တွင် အုတ်ဖိုကျေးရွာ၊ မကျောက်အားကျေးရွာတို့ကို ဖြတ်၍ သွားရသဖြင့် ဒေသခံချင်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့များ၊ ချင်းလူမျို့တို့၏ ရိုးရာအိမ်ဆောက်ပုံဖြစ်သော ခြေတံရှည်အိမ်လေးများ၊ ရိုးသားပွင်.လင်း၍ ဗျူငှါသော ဒေသခံတို့၏ အပြုံးများနှင့် မတူကွဲပြားသော ဘာသာစကားများကို စိတ်ဝင်စားဖွယ် လေ့လာခွင့်ရရှိမည်ဖြစ်သည်။ လမ်းတစ်လျောက် လှပသောသဘာဝရှုခင်းများ၊ ဒေသခံတိုင်းရင်းသားတို့၏ စိုက်ခင်းများ၊ တောပန်းမျိုးစုံ နှင့် လိပ်ပြာလေးများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။  ကောလောင်းရေတံခွန်သည် ကန်ပက်လက်မြို့သို့ လာရောက်လည်ပတ်ကြသော ခရီးသွားများအတွက် ခေါ်နူးစုမ်တောင်တက်ခရီးစဉ်ပြီးလျင် ဒုတိယ စိတ်ဝင်စားမှု အများဆုံးခရီးစဉ်တစ်ခုဖြစ်သည်။ ခြေလျှင်ခရီးဖြင့်သွားပြန် ၆နာရီခန့် ကြာမြင့်သော်လည်း လမ်းမလျောက်နိုင်သော ခရီးသွားများအတွက် ဆိုင်ကယ်ကယ်ရီဖြင့် အလွယ်တကူသွားရောက် လည်ပတ်နိုင်ပါသည်။ ဆိုင်ကယ်ဖြင့် သွားရောက် လည်ပတ်သူများအနေဖြင့် ဆိုင်ကယ်မောင်းချိန်သွား/ပြန် ၄၀မိနစ်ခန့်သာကြာမြင့်ပါသည်။

ဗန်ကီးယိုပြတိုက်(ဆူရ်ခွါးမြို့)

ဗန်ကီးယိုပြတိုက်သည် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဆူရ်ခွါးမြို့တွင် တည်ရှိပြီး (၄၉)မိုင် ကွာဝေးပါသည်။  ဟားခါး – မတူပီ လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် ခရီးသွားများ လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ပါသည်။ ဆူရ်ခွါး တိုက်သူကြီး ဦးဗန်ကီးယို၏ နေအိမ်အား ၁၉၂၀ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပါသည်။ ယခုအခါ အဆိုပါအိမ်သည် နှစ်(၁၀၀)သက်တမ်းရှိပြီး လူမျိုးစုအကြီးအကဲများ နေထိုင်ခဲ့သည့် ချင်းရိုးရာ အိမ်စစ်စစ်ဖြစ်ပါသည်။ ဆူရ်ခွါးမြို့တွင် ကျင်းပသည့် ချင်းရိုးရာ ပွဲတော်ကြီးများကို ၎င်းနေအိမ်တွင် ကျင်းပလေ့ရှိကြပါသည်။ ဗန်ကီးယိုသည် ဆူရ်ခွါး ကျေးရွာ စတင်တည်ထောင်ကတည်းက အုပ်ချုပ်ခဲ့သည့် မျိုးနွယ်စုမှ ဆင်းသက် လာသူဖြစ်ပြီး ၁၉၁၀ခုနှစ်တွင် ဖခင်ဖြစ်သူ ဦးမန်ကုန်းမှ မျိုးနွယ်စု အကြီးအကဲတာဝန်ကို ပေးအပ်ခဲ့ပါသည်။ ၁၉၁၄ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့မှ တိုက်သူကြီး ( Surkhua Tribal Area Chief )အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ ၁၉၃၄ခုနှစ်တွင် ဗမာအစိုးရမှ ပေးအပ်သော လက်ဆောင်မွန်များရရှိခဲ့ပြီး ၁၉၃၅ခုနှစ်တွင် အင်္ဂလန်ဘုရင် George King V နှင် ဘုရင်မတို့ထံမှ ဆုတံဆိပ်ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရပါသည်။ ယခုအခါ ဗန်ကီးယို၏ နေအိမ်အား ပြတိုက်အဖြစ် ထိန်းသိမ်းလျက်ရှိပြီး ဗန်ကီးယို ပြတိုက်တွင် ချင်းလူမျိုးတို့၏ အသုံးအဆောင် ပစ္စည်းများနှင့် သမိုင်းကြောင်းများကို လေ့လာနိုင်ပါသည်။