Travel Chin State

Official Tourism Information

ချင်းပြည်နယ်မှ ကြိုဆိုပါ၏

ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၏ နှုတ်ခွန်းဆက်စကား

ချင်းပြည်နယ်မှ မင်္ဂလာအပေါင်းနှင့်ခညောင်းပါစေကြောင်း ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်….

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း၊ တောင်ဘက်တွင်ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘက်နှင့်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ ဝိုင်းရံလျက်ရှိသော ဧရိယာ(၁၄၉၀၇) စတုရန်းမိုင် ကျယ်ဝန်းသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ပြည်နယ်လူဦးရေ၏ ၈၀%ခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

ချင်းပြည်နယ်သည် အရှေ့တောင်အာရှသတ္တပထဝီနယ်မြေ(Indochinsese zoogeographic Sub-region) ၊ အိန္ဒိယသတ္တပထဝီနယ်မြေ ( India zoogeographic sub-region)နှင့် အာရှမြောက်ပိုင်း သတ္တပထဝီနယ်မြေ ( Palearatic zoogeographic sub-region) အတွင်း တည်ရှိနေခြင်းကြောင့် သတ္တပထဝီနယ်မြေစုံလင်ပြီး၊ မပျက်စီးသေးသော တောတောင်ရေမြေ သဘာဝ ၊ ရှားပါးသားငှက် တောရိုင်းတိရိစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ၊ ရိုးရာပွဲတော်များ၊ ကိုယ်ပိုင် တေးဂီတနှင့် အကမျိုးစုံ၊ အာဟာရ ပြည့်စုံသည့် ဒေသအစားအစာများ၊ ဒေသခံတိုင်းရင်းသား လူမျိုးများ၏ ပျူငှာဖော်ရွေမှု၊ တမူထူးခြားသော အလေ့အထများနှင့် ရိုးရာဓလေ့များ  ပိုင်ဆိုင်ထားရှိသော ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း လာရောက် လည်ပတ်ကြည့်မည်ဆိုပါက ပြည်နယ်၏ မြောက်ပိုင်း ကနေဒီတောင်ဒေသမှသည် အသည်းပုံရိဒ်ရေကန်၊ ဘွာနဲလ်လွင်ပြင်၊ ကျီရီယာန်းတောင်၊ ခိုင်ကမ်းဆင်စခန်း၊ ရှားလုမ်ခံတပ်၊ ဇိန်မှုတောင် နှင့် တောင်ပိုင်းဒေသ ဘုံတလာရေတံခွန်၊ အာဆီယံ အမွေအနှစ်ဥယျာဉ် နတ်မတောင် (ခေါ်နူးစုမ်တောင်) နှင့် ကီမိုတောင် အထိ လေ့လာစရာ အထင်ကရ သမိုင်းကြောင်းများပြည့်နှက်ရာနေရာများ၊ သဘာဝသစ်ပင်ပန်းမန်များ၊ မျက်ခုံးဖြူငှက်ပြာချောက်ကဲ့သို့ ရှားပါးငှက်မျိုးစိတ်များ၊ ချင်းအမျိုးသမီးများ၏ ပါးရဲထိုးအလှများ၊ ရိုးရာဓါးသိုင်းအကများ၊ ဝါးညှပ် အကများနှင့် တေးဂီတများအပြင် တမူထူးခြားသည့် ချင်းရိုးရာ ယဉ်ကျေးမှုဓလေ့များကိုလည်း လေ့လာခံစား နိုင်မည်ဖြစ်ပါသည်။ ပွဲတော်များအနေဖြင့်လည်း ချင်းအမျိုးသားနေ့ပွဲတော်နှင့်အတူ ရိုးရာနပန်းပွဲနှင့် ခွေါန်ကြွဲပွဲကိုလည်း လေ့လာနိုင်ပြီး၊ လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် တောင်ဇလပ်ပန်းပွဲတော်၊ ခွါဒိုပွဲတော်နှင့် နှစ်သစ်ကူးပွဲတော် စသည့် ရိုးရာပွဲတော်များတွင် ပါဝင်ဆင်နွှဲနိုင်သည့်အပြင် အာဟာရ ပြည့်ဝသည့် ချင်းရိုးရာဒေသအစားအစာများကိုလည်း သုံးဆောင်နိုင်ပါသည်။

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုအတွက် ခရီးသွားလုပ်ငန်းသည် ဒေသခံများအတွက် ဝင်ငွေတိုးတက်ရရှိစေသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်ထားသော လုပ်ငန်းတစ်ရပ်အဖြစ် လျှင်မြန်စွာဖြစ်ပေါ်လျှက်ရှိပါတယ်။ ယင်းအတွက် ကျေးလက်နေပြည်သူများ၏ ရိုးရှင်းသော လူနေမှုဘဝများ၊ ရိုးရာဓလေ့များ၊ သဘာဝ အလှများကို ဒေသခံများနှင့်အတူယှဉ်တွဲခံစားကာ ချစ်ကြည်ရင်းနှီးမှုများရရှိနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းမှတဆင့် ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားအကျိုးရလာဒ်များကို တိုးတက် ခံစားနိုင်ရေးအတွက် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီး ယင်းမှတဆင့် ဒေသခံလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းနှင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းများဆီသို့ ဦးတည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် အထက်အဆင့် ခရီးသွားကော်မတီများနှင့် ပူးပေါင်းလမ်းညွှန်မှု ခံယူခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် ဆောင်ရွက်လျှက်ရှိပါတယ်။

ယင်းကဲ့သို့ လေ့လာခံစားစရာများ ပေါကြွယ်ဝသော  ချင်းပြည်နယ်သို့ ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်သော၊ စွန့်စားမှုကိုခုံမင်သော၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် လိုသော၊ ဒေသ၏ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာတတ်သော၊ လူနေမှုဘဝနှင့်အမွေအနှစ် များကို အသိအမှတ်ပြုတန်ဖိုးထားသော တာဝန်သိခရီးသွားဧည့်သည်များအနေဖြင့် လာရောက် လည်ပတ်၍ ဒေသခံများ၏အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်ပေးသော ခရီးသွားလုပ်ငန်းတစ်ရပ်အား အတူအကွ ပူးပေါင်းဖော်ဆောင်နိုင်ရေး ချင်းပြည်နယ်မှ နွေးထွေး ပျူငှာစွာ ကြိုဆိုပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်………..